မံစီနှင့် ဖားကန့်မြို့နယ်တွင် ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား
ယနေ့ နံနက်ပိုင်းက မံစီမြို့နယ် လဂျောင်ကျေးရွာနှင့် ဖားကန့်မြို့နယ် တံတားညီနောင်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ဖားကန့် တံတားညီနောင်က စခန်းကို တိုက်တာ။ မြန်မာတပ်မတော်ဘက်က တပ်ရင်းမှူးလည်း ကျတာရှိတယ်။ တပ်မတော်က လေယာဉ်တွေနဲ့ ပြန်တိုက်လာတော့ ကျွန်တော်တို့ဘက်က ပြန်ဆုတ်ခဲ့တာ။ ဘယ်လောက်သေ ဘယ်လောက်ဒဏ်ရာရတာတော့ အသိအကျမသိဘူး။”ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
မံစီဒေသ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁) နယ်မြေတွင်လည်း မတ် ၃၀ရက်ကနေ တိုက်ပွဲနေ့စဉ်လိုလို ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအခြေအနေများသည် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု အပေါ်သာ မူတည်ကြောင်း ကေအိုင်အေ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ပါဒေါ် ဆိုတဲ့နေရာမှာ နံနက်ပိုင်း ၁၀း၀၀ နာရီကနေ ၁း၀၀ နာရီအထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်လို့ သိရတယ်။ တပ်မတော်ဘက်က အင်အားထပ်ဖြည့်တဲ့တပ်တွေ မံစီမြို့ကို ရောက်လာတာတွေ့တယ်။ မြင်းတပ်တွေလည်း ပါတယ်။ တိုက်ပွဲကြားမှာ ပြည်သူတွေ ပိတ်မိနေတာမျိုးတော့ မရှိဘူးလို့ သိရတယ်”ဟု မံစီဒေသခံ ကိုဒေဗစ်က ဆိုသည်။
မံစီမြို့နယ်အတွင်း မတ် ၃၁ရက်မှ ဧပြီ ၂ရက်အထိ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၈တန်ခန့်နှင့် သစ်တင်ယာဉ်မျိုးစုံ ၃စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး သစ်ထုတ် လုပ်နေမှုအား ပူးပေါင်းဆောင်ရွက်နေသည့် ကေအိုင်အေနှင့် ထိတွေ့တိုက်ပွဲ ၃ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ facebook စာမျက်နာတွင် ဧပြီ ၃ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
တနိုင်းဒေသရှိ ကေအိုင်အေ တပ်ရင်း (၁၄)လည်း ပြောက်ကျားစစ်ဆင်ရေး ပြုလုပ်မည်ဖြစ်သည့်အတွက် တနိုင်းဒေသမှ ရွှေနှင့်ပယင်းမှော်များတွင် ရောက်ရှိနေသော ပြည်သူများ အမြန်ဆုံး ထွက်ခွာရန် ဧပြီ ၅ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဆွမ်ပရာဘွမ်မြို့နယ်တွင်လည်း စစ်ရေးတင်းမာမှုများ ရှိသည့်အတွက် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။