ပူတာအိုအခြေပြု အရပ်ဘက်အဖွဲ့အစည်း တစ်ဖွဲ့ကို ဦးဆောင်သူ ဦးမင်ဆိုင်းအား ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်
နမ်ရှနီ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းကို ဦးဆောင်သူ ဦးမင်ဆိုင်းအား မချမ်းဘော့မြို့နယ် အင်ခါဂါးရွာသားများ တိမ်းရှောင်ခဲ့ရသော လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်က တိုက်ပွဲဖြစ်စဉ်နှင့် စပ်လျဉ်း၍ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲအမှုဖွင့်ကာ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
“ရဲစခန်းမှာ ကျွန်တော်တို့ တရားလိုလုပ်ပြီးမှ ဖွင့်တာလေ။ ၁၇(၁)နဲ့ ဖွင့်တယ်။” ဟု မချမ်းဘော့ ရဲစခန်း ဒုရဲမှူးထွန်းလွင်က ဆိုသည်။
ဦးမင်ဆိုင်းသည် လက်ရှိအချိန်တွင် နမ်ရှနီလူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းကို ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး ယခင်အချိန်တွင် အင်ခါဂါး၌ ဓမ္မအမှုတော်ဆောင် ဘာသာရေးဆရာတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်သည်။
“မနေ့က မနက်ပိုင်း ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ အင်ခါဂါးကိစ္စလို့လည်း ပြောတယ်။ သူအဲချိန်က ရွာသားတွေ ထွက်ပြေးတဲ့ချိန် ကူညီခဲ့တာ ဟုတ်တယ်။”ဟု ဦးမင်ဆိုင်း၏ဇနီးဖြစ်သူ ဆရာမဆိုင်းမွန်းက ဆိုသည်။
ဧပြီ ၅ရက်နေ့က နေအိမ်တွင်လာရှာပြီးနောက် ခဏလိုက်ခဲ့ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူက ဆိုသည်။
အင်ခါဂါးရွာတွင် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံအချို့သည် တောတောင်များမှတဆင့် ပူတာအိုမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ဦးမင်ဆိုင်းသည် ထိုထွက်ပြေးတိမ်းရှောင်သူများအား ကူညီခဲ့သူဖြစ်ကြောင်း ဇနီးဖြစ်သူက ဆိုသည်။
ဒေသခံအယောက် (၄၀)ကျော်သည် တပ်မတော်တပ်ရင်းများ ရွာသို့ရောက်ရှိလာပြီးနောက် တပ်သားများနှင့် အတူနေထိုင်ခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် စက်လှေဖြင့် ပူတာအိုသို့ ထွက်ပြေးတိမ်းရှောင်လာကြကာ ယခုအချိန် ပူတာအို လုံးစွတ်ရပ်ကွက်ရှိ စစ်ဘေးဒုက္ခသည်စခန်း၌ ခိုလှုံနေကြသည်။
ဦးမင်ဆိုင်အား ယနေ့ တရားရုံးထုတ်ခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ဧပြီလ ၂၀ရက်နေ့တွင် ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။