ပညာသင်ယူလေ့လာဖို့ စိတ်အားထက်သန်ခဲ့ပေမဲ့ အာဏာရှင်ကြောင့် အချိန်မတိုင်မီကြွေလွင့်ခဲ့ရသူ (သို့) Nshang Hku La Seng
https://youtu.be/TYg8q4pAt5M?si=IiFiWJqRV996OlO3
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
–
အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်း၊ ဖမ်းဆီးနှိပ်စက်ထောင်ချမှုအပြင် ပစ်သတ်သတ်ဖြတ်မှုတွေကိုပါ ခပ်စိပ်စိပ် ကျူးလွန်လာတဲ့အခါ ပြည်သူတွေဟာ လက်နက်ကိုင်တော်လှန်ပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့သလို လက်နက်ကိုင် တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့သူတွေထဲမှာ တက္ကသိုလ်ကျောင်းသား ကချင်လူငယ် Nshang Hku La Seng လည်း အပါအဝင် ဖြစ်ပါတယ်။
သူဟာ အသက် ၂၅ နှစ် အရွယ်ကောင်း လူငယ်ပီပီ လွတ်လပ်မှုကို နစ်သက်သလို ပညာရည်နို့သောက် လေ့လာသင်ယူဖို့ အမြဲစိတ်အားထက်သန်ခဲ့သူ ဖြစ်ပါတယ်။ ကိုလဆိုင်း ဟာ အာဏာမသိမ်းခင်က ရန်ကုန်မြို့ကြီး၊ အင်စိန်မှာ Myanmar Institute of Theology (MIT) က ဖွင့်လှစ်ထားတဲ့ BARS (Bachelor of Arts in Religious Studies) တက္ကသိုလ်ကျောင်းမှာ စီးပွားရေးဘာသာရပ်ကို တတိယနှစ် ပညာဆည်းပူးနေချိန် တော်လှန်ရေးထဲ ပါဝင်လာခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာ စစ်ကောင်စီအာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းဟာ ပြည်သူအားလုံးအတွက် သတင်းဆိုးကြီးဖြစ်ခဲ့ပြီး၊ အမှန်တရားနဲ့ လွတ်လပ်မှုကို လိုလားတဲ့ပြည်သူတွေကို တော်လှန်ရေးထဲ တွန်းပို့ခဲ့တဲ့ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပါတယ်။
ရန်ကုန်မှာ ကျောင်းတက်နေတဲ့ မြစ်ကြီးနားသား ကချင်လူငယ် Nshang Hku La Seng လည်း ငယ်ရွယ်ပျိုမြစ်ပြီး နိုင်ငံခြားတက္ကသိုလ်တွေအထိ ပညာကိုဆက်လက် ဆည်းပူးလေ့လာဖို့ အိမ်မက်မက်ထားခဲ့ပေမဲ့ စစ်အာဏာရှင်ကို တော်လှန်ဖို့ သူမက်ခဲ့တဲ့အိမ်မက်တွေကို လွှတ်ချလိုက်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထဲဝင်ဖို့ သူနဲ့ရင်ဘတ်ချင်းတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ဦးတည်ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့တတွေဟာ ကွန်ပျူတာ၊ ဘောပင်ကိုင်ခဲ့တဲ့ လက်ဖဝါးနုနုလေးတွေနဲ့ သေနတ်ကိုင်ပြီး အာဏာရှင်စနစ်ကို ချေးမှုန်းဖို့ ရွေးချယ်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကြောင့်သာ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်ရှိနေရပေမဲ့ ပညာရေးစိတ်အခံရှိတဲ့ ကို Nshang Hku La Seng ဟာ တော်လှန်ရေးနယ်မြေတွေမှာလည်း ရတဲ့နည်းနဲ့ ပညာရေးအတွက် ကြိုးစားအားထုတ်ခဲ့ကြောင်း သူ့ရဲ့ အစ်ကိုဖြစ်သူ Nshang Hku Brang Chyoi က ပြန်ပြောင်း ပြောပြပါတယ်။
“ရှေ့တန်းမှာက အင်တာနက် ဖုန်းလိုင်းက တစ်တုံးလောက်ပဲမိတာ။ အဲ့တစ်တုံးလောက်ပဲ ဒီလိုမျိုးမိုးရွာတဲ့နေ့တွေဆိုရင် ဖုန်းလိုင်းတွေကပျောက်ပြီ။ အဲ့ဒီမှာ သူက သူတို့နေတဲ့နေရာကနေ ၄၅ မိနစ်ကျော်ဆိုင်ကယ်မောင်းရတဲ့ နောက်တန်းကိုပေါ့ သူတို့ရဲ့ နောက်တန်းဌာနချုပ်ကိုပြန်ပြီး၊ အဲ့မှာ အင်တာနက်နည်းနည်းကောင်းတယ်ပြောတယ်။ အဲ့မှာ ကျောင်းတက်ပြီးတော့မှ ညမှောင်တဲ့အခါ ဆိုင်ကယ်နဲ့ စခန်းပြန်ပြန်တာ။ ဆိုတော့ အဲ့ဒီလမ်းမှာက ရန်သူနဲ့လည်း တော်တော်လေးနီးတယ်ပေါ့။ တောနက်နေရာလည်းဖြစ်တော့ ဒါပေမဲ့ သူ တစ်ပတ်လောက်အဲ့လိုမျိုးလုပ်တော့ သူ့ရဲ့ တပ်ရင်းမှူးက သူ့ကို ဒီကလေးလည်း ကြိုးစားတယ်။ ကြိုးစားလည်း ကြိုးစားနေတာပေါ့နော်။ ပြီးရင်လမ်းမှာလည်း ညသန်းခေါင်လည်း လမ်းမှာ ပြန်လာရတာမျိုးဖြစ်တော့ လုံခြုံရေးလည်း သတိထားရမယ်ဆိုပြီးတော့ သူ့ရဲ့ PDF ရဲဘော်တစ်ယောက်ကို ပြန်ထည့်ပေးတယ်ပေါ့၊ နောက်ပိုင်း ညတိုင်း သူကျောင်းသွားတက်တဲ့အခါတွေမှာ ပြန်လာတဲ့အခါ အဖော်ရအောင်ဆိုပြီးတော့မှ ထည့်ပေးတယ်လို့ပြောတယ်။ ပြီးရင် သူ့ရဲ့ ဒိုင်ယာရီထဲမှာရေးထားတာကတော့ ရည်းစားကို သူ့ချစ်သူကိုပေါ့ သူအားပေးထားတဲ့ဟာက ကြိုစားဖို့ပေါ့နော်။ သူတို့ ဒီကျောင်းကို သူ့ဖုန်းကို သစ်ပင်ပေါ်တက်ပြီးမှ သူ့ရဲ့ ဖုန်းကို ချိတ်ထားတာပေါ့။ အဲ့ကနေ hotspot ဖွင့်ပြီးမှ အဲ့ကနေ သူ့လပ်တော့ကို ဝိုင်ဖိုင်ပြန်ချိတ်ပြီးလိုင်းလေးတချက် မိတချက် မမိတချက်နဲ့ ကျောင်းကို ပြီးအောင် ကြိုးစားခဲ့တာဟုတ်တယ်ဆိုပြီးတော့မှ ရေးထားတယ်ပေါ့။ အဲ့လိုသူကြိုးစားခဲ့တာပေါ့။ တော်လှန်ရေးထဲမှာတော့ ကျွန်တော့်ညီလိုမျိုးတွေ များမယ်ထင်တယ်။ တော်လှန်ရေးရဲဘော်တွေထဲမှာ စံပြယူထိုက်တဲ့ လေးစားထိုက်တယ် ရဲဘော်တွေထဲက လူငယ်တစ်ဦးဖြစ်တယ်ဆိုတာကို မြင်ရတယ်။ အစ်ကိုတစ်ယောက်အနေနဲ့ ဂုဏ်ယူတယ်။ ကျွန်တော်တို့မိသားစုကတော့ သူ့အတွက် ဂုဏ်ယူတယ်။ အသက်ရှင်တုန်း ကောင်းခြင်းတရားတွေ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ပီတိဖြစ်မိပါတယ်ပေါ့၊၊”
သူဟာ သူ့ပညာရေးအတွက်ပဲ စိတ်အားထက်သန်သူ မဟုတ်ပဲ၊ သူရောက်ရှိရာ ဒေသက ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအတွက်လည်း စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း အစ်ကိုဖြစ်သူရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ရှေ့တန်းနယ်မြေကနေ နောက်တန်းပြန်ပြီး အနားယူနေတဲ့အချိန်တွေမှာလည်း လိုင်ဇာမြို့နဲ့ မိုးမောက်မြို့ကြားက လွတ်မြောက်နယ်မြေဖြစ်လာတဲ့ မြစ်သစ်ကျေးရွာက အသက် (၇) နှစ်ကနေ (၁၃)နှစ်အရွယ် စစ်ရှောင်ကလေးတစ်ချို့ကို အင်္ဂလိပ်စာ သင်ကြားမျှဝေခဲ့သူဖြစ်တဲ့အတွက် ကလေးမိဘတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ရရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ကိုလဆိုင်းရဲ့ အစ်ကိုတစ်ယောက်လည်း ကချင်လွတ်လပ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ပြီးဖြစ်တာကြောင့် ပညာရေးအတွက် စိတ်အားထက်သန်တဲ့ ကိုလဆိုင်းကိုတော့ မိသားစုက လက်နက်ကိုင်တော်လှန်ရေးသမား မဖြစ်စေချင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ မတရားတဲ့ အာဏာရှင်ကို တော်လှန်လိုတဲ့ သူ့ဆုံးဖြတ်ချက်ကို မိသားစုကလည်း မတားဆီးနိုင်တော့ပဲ လေးစားလက်ခံခဲ့ရတယ်လို့ အစ်ကိုဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။
“တော်လှန်ရေးရဲဘော်တွေဆိုတာအမြဲတမ်း ပြည်သူတွေအတွက် အကျိုးပေးရမယ်။ ငါ့ညီမင်းလုပ်ပေးနေတာ ဘာပဲဖြစ်ဖြစ် ကလေးတွေအတွက် ကောင်းတဲ့အရာပဲပေါ့။ သူပြောတာကတော့ ဒီတိုက်ပွဲကြောင့် Non CDM တွေ အားလုံးပြေးကုန်ကြပြီဆိုတော့ ကလေးတွေက စာသင်ဖို့လိုနေတယ်ပေါ့။ ဒါကြောင့် အင်္ဂလိပ်စာသင်ပေးနေတာ ဖြစ်တယ်ဆိုပြီးပြောတော့ ကျွန်တော်တောင်လိုတဲ့ဟာရှိရင်ပြောပါနော် မင်းအစ်ကိုကိုပြောပါဆိုပြီး အားပေးရင်းနဲ့ ဂုဏ်ယူဖြစ်တာပေါ့။”
ဒါပေမဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကချင်ပြည်နယ်တစ်ခုလုံး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အားလုံးပြတ်တောက် သွားတဲ့အတွက် ညီအစ်ကိုနှစ်ယောက် အဆက်အသွယ်မရ ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
အဲ့သလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတာ လေးရက်နေ့မြောက်မှာပဲ KIA နဲ့ မဟာမိတ်ပူးပေါင်း တပ်တွေဟာ မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ (၄၃၇) စခန်းသိမ်း ထိုးစစ်ဆင်တိုက်ပွဲကို စတင်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ ကိုလဆိုင်းလည်း ကျရာတာဝန်ထမ်းဆောင်တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးအနေနဲ့ တိုက်ပွဲဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ အစ်ကိုဖြစ်သူ Brang Chyoi ဟာ ချစ်လှစွာသော ညီဖြစ်သူ ကိုလဆိုင်း ကျဆုံးခဲ့ရပြီဆိုတဲ့ သတင်းကို မကြားချင်ပေမဲ့လည်း ကြားခဲ့ရပါပြီ။ တကယ်တော့ ကိုလဆိုင်း ဟာ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ကျဆုံးသွားခဲ့ရတာလို့ သိရပါတယ်။ ရှေ့တန်းရောက် ညီဖြစ်သူရဲ့ သတင်းကြောင့် မိသားစုတွေ ပူပင်သောက ရောက်ခဲ့ရတဲ့အကြောင်းကို အခုလို ပြောပြပါတယ်။
“တစ်ရက်တော့ မထင်မှတ်ပဲ ကျနော့်ညီ လဆိုင်းရဲ့ သူငယ်ချင်းပေါ့ သူ့နဲ့ အနီးကပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ဒီ ၄၃၇ (ခမရ) တိုက်ပွဲမှာ ဒဏ်ရာရပြီး ဒီနောက်တန်းကိုရောက်လာတယ်ပေါ့ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း သတိရတချက် မရတချက် ဖြစ်တယ်လို့တော့ ကြားရတယ်။ သူသတိရတဲ့အခါမှာ ကျွန်တော့်ညီအကြောင်းကို မေးတယ်လို့ပြောတယ်။ မေးပြီးမှ သူက ကျနော့်ညီလည်း ထိခိုက်ဒဏ်ရာ ရထားတယ်ဆိုပြီးမှ သူသတိရတဲ့အခါမှာ မေးတယ်ပေါ့။ ကျနော့်ညီ လဆိုင်းဘယ်မှာလဲ၊ သူ့သူငယ်ချင်းကို မေးတယ်ပေါ့။ အဲ့ဒီ စစ်ဆေးရုံမှာ ဆေးကုနေတဲ့ အသိတစ်ယောက်နဲ့ အဲ့ထဲက KIA အရာရှိတစ်ယောက်နဲ့ ချိတ်ဆက်မိပြီးမှ ကျွန်တော်လည်းသူ့ကို ကျွန်တော့်ညီအကြောင်းလည်း စုံစမ်းပေးဖို့မေးတဲ့အခါမှာ မင်းညီလည်း ဒဏ်ရာရတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ဆေးရုံမှာတော့ မရောက်သေးဘူးပေါ့။ ရှေ့ဘက်ကဆေးခန်းမှာလည်း မရှိဘူး။ နောက်တန်းမှာလည်း သူမရှိနေဘူးဆိုတော့ အဲဆိုရင် ဘာမဖြစ်လောက်ဘူး ပေါ့နော်။ နောက်ဆုံးတော့ ကျွန်တော်တို့ မိသားစုကတော့ ဘာပဲရည်မှန်းထားလဲဆိုတော့ ဘာမဖြစ်လောက်ပါဘူး၊ သူရှေ့တန်းမှာ စစ်တိုက်နေတုန်းလို့ပဲ ခံယူထားတယ်ပေါ့။ ဒါပေမဲ့ သူ့သတင်းကြားကြားချင်းပဲ ဒီအတည်ပြုတဲ့ဟာပေါ့။ စစ်ရုံးချုပ်ဘက်က အတည်ပြုတဲ့ သတင်းကြားကြားချင်းမှာတော့ တကယ်လည်း မခံနိုင်ဘူးပေါ့နော်။ ဘာလို့လည်းဆိုရင် ကျွန်တော့်ညီနဲ့ကျွန်တော်နဲ့က ညီအစ်ကိုတွေထဲမှာ အကြာဆုံးနေခဲ့တဲ့ သူတွေဖြစ်တယ်။ သံယောဇဉ်တော်တော်ကြီးတယ်။ သူ့သတင်းကြားကြားချင်းမှာတော့ ကျွန်တော်ကမ္ဘာပျက်သလိုတော့ ခံစားရသွားတယ်။ တော်တော်လေးကို စိတ်ဓာတ်ကျသွားတာပေါ့။ ဒါပေမဲ့ ဒီဟာကိုတော့ ကျွန်တော် စိတ်ထဲမှာ ပိုင်းဖြတ်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ခဏက ပြောသလို တော်တော်လေးစိတ်ထိခိုက်မိတယ်။”
ကိုလဆိုင်း ကျဆုံးသွားပြီဆိုတဲ့ သတင်းဟာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို ပူဆွေးဝမ်းနည်းစေခဲ့သလို သူစာသင်ပေးခဲ့ဖူးတဲ့ မြို့သစ်ကျေးရွာက စစ်ရှောင်ကလေးတွေနဲ့ မိဘတွေကိုလည်း ဝမ်းနည်းပူဆွေး မျက်ရည်ကျစေခဲ့ပါတယ်။
“ဆရာလဆိုင်း နှစ်လကျော်နေခဲ့တဲ့ ကာလမှာ သူ့တို့ကို ချစ်ခြင်းမေတ္တာတွေပဲပြခဲ့တော့ ကလေးလူကြီးကအစ တော်တော်လေး ခင်တွယ်ကြတယ်။ တော်တော်ချစ်ကြတယ်။ ဆိုတော့ ကျွန်တော်ဒီသတင်းယူလာတော့ သူတို့ကတော့ တော်တော်လေး ငိုကြတယ်ပေါ့။ မျက်ရည်ယိုပြီးမှ စိတ်တော်တော် မကောင်ဖြစ်ကြတယ်ပေါ့နော်။ အဲ့ချိန် ကလေးတွေကလည်း ကျောင်းဖွင့်ပြီပေါ့ ကျောင်းသွားနေတဲ့ချိန် နေ့လယ်ကျောင်းမဆင်းခင် ဆင်းတော့မယ် ကလေးတွေနဲ့တွေ့လို့ရတယ်။ ဒါပေမဲ့ ကလေးတွေကို မိဘတွေက မပြောပြချင်ကြဘူး။ ဘာလို့လဲဆိုတော့သူ့ကလေးတွေက သူတို့စာသင်ခဲ့တဲ့နေရာတွေကို သန့်ရှင်းရေး လုပ်ပြီးတော့မှ သူ့ဆရာကို စောင့်နေတာ အမြဲတမ်းစောင့်နေကြတာပေါ့။ ပြီးရင် သူ့ဆရာကို သတိရတဲ့အကြောင်း ကျောက်သင်ပုန်းတွေမှာရေး မြန်မြန်ပြန်လာဖို့ အဲ့ဒီလိုနဲ့ စောင့်နေကြတယ်။ ပြီးရင် ရှေ့တန်းမှာ သူ့ဆရာ ထိခိုက်တယ်ဆိုတဲ့ သတင်းကြားတော့ သူတို့မိဘတွေကို ပြောကြတယ်ပေါ့၊ ဒီလိုနေနိုင်ကြလား။ သူတို့ဆရာ ထိတယ်ဆိုတာ ဘယ်မှာထိတယ် ဘယ်မှာ ဆေးကုနေတယ်ဆိုတာ စုံစမ်းပေး၊ ငါတို့သွားချင်တယ်။ ဆရာ့ကို သွားအားပေးချင်တယ်ဆိုပြီးတော့မှ ကလေးတွေက မိဘတွေကို တိုက်တွန်းကြတယ်လို့ ပြောကြတယ်ပြောတယ်။ မိဘတွေက မလုပ်ပေးတော့ ကလေးတွေက စိတ်ဆိုးကြတယ်ပြောတယ်။ မြန်မြန်သွားရှာပေးဆိုရင်လည်း သတင်းလည်း မစုံစမ်းပေးဘူး ဆိုပြီးမှ နောက်တော့ သူတို့မိဘတွေကလည်း ကျွန်တော့်ရှေ့မှာတင် ကျွန်တော်စုံစမ်းခဲ့တဲ့ နေရာတွေထိ စုံစမ်းခဲ့ကြတယ်လို့ ပြောတယ်။ သူတို့နေတဲ့ နေရာကနေ ဒီလိုင်ဇာထိဆိုရင် နှစ်နာရီ သုံးနာရီလောက် ဆိုင်ကယ်မောင်းရတယ်။ ဆိုတော့ ရွာကမိဘတွေလည်း သူ့ကိုတော်တော်တော့ ချစ်ရှာကြတယ်။”
ကိုလဆိုင်းနဲ့အတူ အခြားတော်လှန်ရေး ရဲဘော်တွေလည်း ကျဆုံးခဲ့ရတဲ့ မိုးမောက်မြို့စောင့်တပ် ခမရ ၄၃၇ ကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ညီဖြစ်သူနဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တစ်ချို့ အသက်ပေးစတေးပြီး သိမ်းပိုက်ခဲ့ရတဲ့ အောင်မြေကို အစ်ကိုဖြစ်သူက ကိုယ်တိုင်သွားရောက်ခဲ့တဲ့အချိန် ဂုဏ်ယူမိတယ်လို့ ပြောပြပါတယ်။
“ဒီ ၄၃၇ ရဲ့ဂိတ်ရှေ့မှာကို သူကျခဲ့တာပေါ့။ ဆိုတော့ တော်တော်လေးကို ရဲရင့်တယ်လို့ ပြောလို့ရမယ်ပေါ့နော်။ ဂိတ်ပေါက် ရှေ့မျက်နှာစာမှာကို အဲ့ဒီဂိတ်မှာက အခိုင်အမာနဲ့ တည်ဆောက်ထားကြတာ အခိုင်အမာ တည်ဆောက်ထားတဲ့နေရာကနေ ပစ်နေတာဖြစ်တော့ အဲ့ဂိတ်မှာ ပန်ကာမှာ သူက RPG နဲ့ ပစ်ဖို့ ရည်ရွယ်တာထင်တယ်၊ ဆိုတော့ ကံမကောင်းစွာနဲ့သူ့ရှေ့မှာပဲ လက်နက်ကြီးက လာကျတာပေါ့။ ဆိုတော့ အဲ့မှာပဲ ပွဲချင်းပြီး အသက်ထွက်သွားတယ်။ ဆိုတော့ဂိတ်ရဲ့ ရှေ့မှာပဲ ပေ ၂၀၊ ၃၀ လောက်ပဲကွာတယ်။။ အဲ့လိုမျိုးထိကို သူသွားရဲတာကိုတော့ ကျွန်တော်တော့ တော်တော်လေးကို အံ့ဩတယ်ပေါ့နော်။ သူ့ရဲ့ ရဲစွမ်းသတ္တိကိုလည်းလေးစားပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ ဘော်ဒီကို သူကျခဲ့တဲ့ဟာတောင်မှ တစ်ပတ်ပြည့်တဲ့နေ့မှပဲကျွန်တော်တို့ သိရတယ်။ သူ့ရဲ့ အရိုးပေါ့ ကြွင်းကျန်ကိုလည်း ခမရ ၄၃၇ သိမ်းတဲ့နေ့မှာပဲအရိုးကို ကောက်မိတယ်ပေါ့နော်။”
ခမရ (၄၃၇) စခန်း သိမ်းပိုက်ရရှိပြီဆိုတဲ့ သတင်းဟာ တော်လှန်ပြည်သူတွေ ကြားချင်တဲ့သတင်းဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲတွေကြောင့် အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ သတင်းကြောင့်လည်း ဝမ်းနည်းဝမ်းသာ ဖြစ်နေရတဲ့ ကာလာဖြစ်ပါတယ်။ အရာရာကို ပေးဆပ်ဖို့ ဆုံးဖြတ်ပြီး အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူတွေဟာ တော်လှန်ရေးတိုက်ပွဲတွေမှာ အသက်ပေးခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေကို တန်းဖိုးထားလေးစား ဂုဏ်ယူနေကြဆဲ ဖြစ်ပါတယ်။