ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ KPDF တို့ ထိတွေ့တိုက်ပွဲဖြစ်
–
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုင်းတောင် ကျေးရွာတံတားထိပ် Lucky Man ဟိုတယ်နဲ့ ကေတီဗီဆိုင် ပတ်ဝန်းကျင်မှာ မနက် ၁ နာရီကနေ ၆ နာရီလောက်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပုံစံ ဖြစ်ပွါးခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“လက်နက်ငယ်တွေ၊ ဗုံးတွေပစ်တဲ့အသံကတော့ ဆိုင်းတောင်ဘက်မှာ ပစ်ကြပါတယ်။ မနက်ထိပဲ။”လို့ ပြောပါတယ်။
Lucky Man ဟိုတယ်နဲ့ ကေတီဗီဆိုင်ပတ်ဝန်းကျင်မှာ စစ်တပ်က နေရာယူထားပြီး လမ်းသွားလမ်းလာ ပြည်သူတစ်ယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အဆိုပါပြည်သူ သေဆုံးသွားတယ်လို့ ဆိုင်းတောင် ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဈေးသွားတဲ့အချိန် လှမ်းပစ်တာ။ သေနတ်နဲ့တမင်သက်သက် လှမ်းပစ်လို့ ပြည်သူက သေသွားတာ။” လို့ ဒေသခံက ပြောပါတယ်။
လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဆိုပါတယ်။
KIA နဲ့ KPDF အဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က ကေတီဗီမှာ ပိတ်ဆို့ထားရာကတစ်ဆင့် တိုက်ပွဲဖြစ်ပွါးခဲ့တာလို့ သိရပါတယ်။
စစ်ရေး အခြေအနေက တင်းမာနေဆဲဖြစ်ပြီး အချိန်မရွေးတိုက်ပွဲပြန်လည် ဖြစ်ပွါးနိုင်ချေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။