တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာဈေးအနီးကို လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ (၆) ဦးသေဆုံး
–
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်လို့ ပြည်သူ (၆) ဦး သေဆုံးကြောင်း Tigyaing Revolution – TR က ဆိုပါတယ်။
မနေ့ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ မောင်းကုန်းရွာဈေးအနီးကို မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာ (၁) စင်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ TR ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“မြစ်အရှေ့ဘက်ကမ်းကတော့ စစ်ကောင်စီကင်းစင်ဆိုတော့ တိုက်ပွဲရှိစရာအကြောင်း မရှိပါဘူး။ တမင်ကို ပြည်သူတွေရှိတဲ့ဘက် လာပစ်သွားတာ။ အဓိကကတော့ စစ်င်္ဘောကို လုံခြုံရေးယူရင်း ပစ်သွားတာ။”လို့ ပြောပါတယ်။
စစ်ကောင်စီ ကြဲချလိုက်တဲ့ လေယာဉ်ဗုံးက မောင်းကုန်းရွာဈေးအနီးမှာ ရပ်ထားတဲ့ ဆီတင်ကားပေါ် ကျရောက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ ပြည်သူ (၆) ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Tigyaing Revolution – TR ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ မန္တလေးကနေ ကသာမြို့ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော (၅) စီးဟာ ကသာမြို့နယ် သဖန်းကိုင်းရွာကို ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ ဆိုက်ကပ်လာကာ လက်နက်ခဲယမ်းတွေ ကားပေါ်တင်နေပြီး အဆိုပါ စစ်သင်္ဘောကို လုံခြုံရေးယူရန် လိုက်ပါလာတဲ့ လေယာဉ်က မြစ်ကမ်းဘေးရွာတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။