လေယာဉ်နဲ့ လုံခြုံရေးယူပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ သင်္ဘော (၅) စီး ကသာမြို့နယ်သို့ ရောက်ရှိလာ
–
ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကို ဩဂုတ်လ ၂၈ ရက်နေ့မှာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီသင်္ဘော (၅) စီးဟာ ကသာမြို့နယ်ထဲကို ရောက်ရှိပြီး သဖန်းကိုင်းရွာမှာ ဆိုက်ကပ်ကြောင်း သိရပါတယ်။
သင်္ဘောနဲ့တင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေကို ကားပေါ်ပြန်တင်နေတယ်လို့ Tigyaing Revolution-TR အဖွဲ့က ပြောပါတယ်။
အဆိုပါ စစ်သင်္ဘော (၅) စီးဟာ စက်တင်ဘာ ၁ ရက်နေ့မှာ ထီးချိုင့်မြို့နယ်သို့ ဝင်ရောက်လာပြီး ထီးချိုင့်မြို့ ပန်းရွှေဝါဆိပ်ကမ်းမှာ ကမ်းကပ် ညအိပ်နားခဲ့ပြီး၊ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့ မနက်မှာတော့ ကသာဘက်သို့ ဆက်လက်ဆန်တက်သွားခဲ့ကြောင်း ပြောပါတယ်။
သင်္ဘောလုံခြုံရေးအတွက် လိုက်ပါလာတဲ့ စစ်ကောင်စီလေယာဉ်ကလည်း မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ TR အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“စခ (စစ်ကောင်စီတပ်) သင်္ဘော ငါးစီး ကသာနယ် ကလုံကျေးရွာ ကျော်သွားပြီးတဲ့နောက် လမ်းဘေးဝဲယာ ရမ်းပစ်ခတ်ခဲ့တယ်။ ကနဦးတော့ ထီးချိုင့်နယ် ကမ်းနီရွာက နေအိမ်တချို့ မီးလောင်ပြီး ကလုံဘက်နား ကပ်ထားတဲ့ စက်လှေတချို့လည်း မီးလောင်ကြောင်း သိရတယ်။ လူနှင့်တရိစ္ဆာန် တချို့လည်း ထိခိုက်ကြောင်း သိရတယ်။”လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ သင်္ဘော (၅) စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်းသို့ ကမ်းကပ်ပြီး လက်နက်ပစ္စည်းရိက္ခာတွေကို ကားပေါ်တင်ပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းသို့ လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
“လက်ရှိမှာ လက်နက်ခဲယမ်းတွေ ကမ်းပေါ်ရောက်နေပြီ။ ကားပေါ်တင်နေပြီ။ အင်းတော်ဘက်လည်း ပို့နိုင်တယ်။ ဗန်းမော်ဘက်လည်း ပို့နိုင်တယ်။”လို့ ဒေသခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကသာခရိုင်ထဲက အင်းတော်နဲ့ ထီးချိုင့်မြို့ အပါအဝင် စစ်ကိုင်းတိုင်းထဲက နေရာတော်တော်များများမှာ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်း အသုံးပြီး ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်ကူတွေ ပို့ဆောင်နေတယ်လို့ သိရပါတယ်။