၁၀၂၇ ဒုတိယလှိုင်းကိုကြိုဆိုပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံကြောင်း အညာဒေသ ပြည်သူများ ဆန္ဒပြ
–
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ကြိုဆိုကြောင်းနှင့် တိုင်းရင်းသား တော်လှန်ရေးတပ်များကို ထောက်ခံကြောင်း ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီအချိန်၌ ပြည်သူများက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ရောပေါ့နော်။ နောက်ပြီးတော့ ဒီတိုင်းရင်းသား တော်လှန်ရေးတပ်တွေကို ကြိုဆိုထောက်ခံကြောင်းရော၊ တော်လှန်ရေး အင်အားစုတွေကိုရော သူတို့နဲ့အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။”ဟု ယင်းမာပင်-ဆာလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသက်ဦးက ပြောသည်။
ထို့ပြင် မြန်မာပြည်သူလူထုကို သတ်ဖြတ်နေသည့် ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ပံ့မှုကို ရပ်တန့်ပေးရန် တရုတ်အစိုးရကို တိုက်တွန်းသော ကြွေးကြော်သံများကိုလည်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။