ရှမ်း၊ ကချင်၊ စစ်ကိုင်း ဒေသက တော်လှန်ရေးနယ်မြေတွေ တဆက်တစပ် ဖြစ်လာနိုင်မယ့် အလားအလာ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေး စတင်ချိန်ကစလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်က PDF တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုဟာ စစ်ကိုင်းအညာဒေသမှာ အင်အားပြင်းပြင်းနဲ့ လှုပ်ခတ်လာတာကို တွေ့မြင်ရပါတယ်။ အထူးသဖြင့် အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်းမှာဆိုရင် ဩဂုတ်လ တတိယအပတ်ကစပြီး မြို့သိမ်းတိုက်ပွဲသဏ္ဍာန် စစ်ရေးဖော်ဆောင်မှုတွေကို အင်းတော်၊ ပင်လည်ဘူး၊ ထီးချိုင့် စတဲ့မြို့တွေမှာ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းအတွင်းက အင်းတော်မြို့ဟာ ကချင်ပြည်နယ်နဲ့ တိုက်ရိုက်ထိစပ်နေတဲ့ မြို့နယ်ဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်ကတည်းက KIA နဲ့အတူ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းခဲ့တဲ့နေရာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ထီးချိုင့်နဲ့ ပင်လည်ဘူး အတွက်တော့ ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ မန္တလေး ထိစပ်နေတဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက တစ်ခါ တော်လှန်ရေးအဖွဲ့တွေ ဖော်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က စစ်ကောင်စီတပ်ရဲ့ ခုခံနိုင်မှုအားကောင်းခဲ့တဲ့အတွက် ထီးချိုင့်ထိုးစစ်ကို ရပ်ခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲကိုတော့ စစ်အာဏာသိမ်းကာလအစ ၂၀၂၁ ခုနှစ်တုန်းက ဆင်နွှဲခဲ့ဖူးပါတယ်။
လက်ရှိ ကြားသိထားရတဲ့ အခြေအနေတွေအရ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီရဲစခန်းနဲ့ နဘားစစ်ကောင်စီဂိတ်ကို သိမ်းပိုက်ထားနိုင်သလို ထီးချိုင့်နဲ့ ပင်လည်ဘူး တိုက်ပွဲမှာလည်း စစ်ကောင်စီစခန်းတွေကို ဝင်ရောက်စီးနင်းနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကချင်နဲ့ စစ်ကိုင်းအစပ်က အင်းတော်၊ ရှမ်းနဲ့ စစ်ကိုင်း ဆက်သွယ်ရေး လမ်းကြောပေါက်တဲ့ ထီးချိုင့် စတဲ့နေရာတွေမှာ လက်ရှိ စစ်ရေးဖော်ဆောင်နေတာဟာ ရှမ်း၊ စစ်ကိုင်းနဲ့ ကချင် ဒေသက တော်လှန်ရေးနယ်မြေတွေကို ဆက်စပ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
အထူးသဖြင့် အင်းတော်နဲ့ ထီးချိုင့်ဟာ ဗျူဟာကျတဲ့ လမ်းမကြီးပေါ်မှာတည်ရှိပြီး လက်ရှိတိုက်ပွဲတွေကြောင့်လည်း မန္တလေး – မြစ်ကြီးနား ကုန်စည်ကူးသန်းဖို့တော့ အခက်အခဲတွေ ဖြစ်နေရတဲ့ အခြေအနေပါ။ ၂၀၂၃ ခုနှစ်ကတည်းက ကချင်ပြည်နယ်ဘက်ကို မြေပြင်စစ်ကြောင်းနဲ့ စစ်ကူမတက်နိုင်တော့တဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ ရေကြောင်းကိုသာ အဓိကအားထားနေရတာပါ။
အင်းတော်နဲ့ ထီးချိုင့်လို ဗျူဟာကျတဲ့ နေရာတွေမှာ စစ်ရေးဖော်ဆောင်တာဟာ ကချင်ပြည်နယ်တွင်းက စစ်ကောင်စီတပ်တွေအပြင် ရှမ်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ကျန်ရှိနေသေးတဲ့ ငါးအိုးမြို့ အပါအဝင် ကသာမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို သင်းသတ်လိုက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
လက်ရှိ တော်လှန်ရေး စစ်ရေးအရှိန်ကောင်းနေတဲ့ ရှမ်းမြောက်၊ ကချင်နဲ့ စစ်ကိုင်း စတဲ့ဒေသ (၃) ခုတာ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေအဖြစ် တဆက်တည်း ဖြစ်လာမယ်ဆိုရင် နောက်ထပ်ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပိုပြီးအားသာလာနိုင်မယ့် အခြေအနေတွေ ရှိမယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်။