တိုက်ပွဲကြောင့် အင်းတော်အထက်ပိုင်းမှာ ကုန်စည်ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းတက်နေတယ်လို့ ပြော
–
မန္တလေး – မြစ်ကြီးနားလမ်းကြော စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အင်းတော်အထက်ပိုင်းက မြို့တွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး အင်းတော်မြို့မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေရာ မန္တလေ-မြစ်ကြီးနားလမ်း ပိတ်ဆို့နေတာ ဖြစ်ပါတယ်။
အဆိုပါ လမ်းကြော ပိတ်ဆို့မှုကြောင့် အင်းတော်မြို့အထက်ပိုင်းရှိ မြို့တွေဖြစ်တဲ့ မော်လူးမြို့နဲ့ ကချင်ပြည်နယ်အတွင်းက မြို့တွေမှာလည်း ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ကုန်ဈေးနှုန်တွေလည်း တက်နေတယ်လို့ မော်လူးဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ လမ်းကြောတွေက ပိတ်ထားတယ်ပေါ့နော်။ ကုန်တင်ကားတွေလည်း ဖြတ်လို့မရဘူး။ ကွင်းလမ်းကနေပဲ ဆိုင်ကယ်တွေနဲ့ ကဲ့ယူလို့ရတယ်။ လမ်းကလည်းမကောင်း သယ်ယူရတာလည်း ဝေးဆိုတော့ ကုန်ဈေးနှုန်းတွေ တက်ကုန်တာ”လို့ ပြောပါတယ်။
အင်းတော်မြို့ရဲ့ မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ မော်လူးမြို့မှာတော့ ကြက်ဥတစ်လုံး (၈၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာ (၁၈,၀၀၀) ကျပ်၊ စားအုံးဆီတစ်ပိဿာ (၂၀,၀၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၁၂,၀၀၀) ကျပ်ထိ ဈေးပေါက်ကြောင်းနဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့မှာလည်း ကြက်ဥတစ်လုံး တစ်ထောင်ကျပ်ထိ ပေးရကြောင်း မော်လူးဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ အင်းတော်မြို့မှာ တိုက်ပွဲဆက်လက်ရှိနေပြီး မန္တလေး-မြစ်ကြီးနားလမ်းကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားဦးမယ်လို့ သိရပါတယ်။