ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ ရေကြီးရေလျှံမှုဖြစ်နေ
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ည မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
“မနေ့ညက သန်းခေါင်ယံ ၁၂ နာရီလောက်မှာ လျှပ်စီးတွေလျှပ် မိုးချိန်းတွေခြိမ်းပြီး မိုးတွေစရွာလာတယ်။ မနက် ၄ နာရီလောက်မှ ရေစတက်လာတာ။ အခုမနက်မိုးလင်းတဲ့အထိ ရေကမကျသေးဘူး။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လွန်ခဲ့သောနှစ်ရက် သြဂုတ်လ ၂၈ ရက်နေ့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နမ့်တဲမ်းဝမ်းချောင်းတွင် အဝတ်လျှော်နေသော လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်ရက်ကပဲ အခုလိုပဲရေကြီးလာလို့ အိမ်ထဲကပစ္စည်းတွေကို မနေ့ကပဲ သန့်ရှင်းရေးလုပ်ပြီးတာ အခုလည်း ရေတွေထပ်ဝင်ပြန်ပြီ။ ပစ္စည်းတွေ ထိခိုက်ဆုံးရှုံးတာတော့ မရှိပါဘူး။ ရေစိုတာလေးတွေပါပဲ။ ဟိုတစ်ရက်ကတော့ ကောင်လေးတစ်ယောက် သေတယ်လို့ကြားတယ်။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကွတ်ခိုင်မြို့တွင် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းမရှိခဲ့သည်မှာ (၁၄) နှစ်ခန့် ရှိပြီဖြစ်ကြောင်း ကွတ်ခိုင်မြို့ရပ်ကွက် (၅) တွင် နေထိုင်သူအမျိုးသမီးက ပြောသည်။
“ကျမတို့အိမ်က ကွတ်ခိုင်မှာရေကြီးတိုင်း ပထမဆုံးရေဝင်တာပဲ။ နမ့်ခိုင်ချောင်းဘေးမှာပဲဆိုတော့ ရေကြီးတာနဲ့ ဝင်တော့တာပဲ။ ကျမ မှတ်မိတယ် အခုလိုရေမကြီးတာ (၁၄) နှစ်လောက်ရှိပြီ။”ဟု ပြောသည်။
ကွတ်ခိုင်မြို့သည် နမ့်တဲမ်းဝမ်းနှင့် နမ့်ခိုင်ချောင်း ကွေးဝိုက်စီးဆင်းနေသောမြို့ဖြစ်ပြီး လွန်ခဲ့သောနှစ် (၃၀) ခန့်တွင်လည်းတစ်ကြိမ်၊ ရေကြီးရေလျှံမှု ကြီးကြီးမားဖြစ်ခဲ့၍ လူသေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။