စစ်ကောင်စီရဲ့ မီးရှို့မှုနဲ့ လေယာဉ်ဗုံးကြောင့် အင်းတော်မြို့ ပျက်စီးနေ
–
တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း နေအိမ်တွေပျက်စီးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့မှာ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။
တိုက်ပွဲစဖြစ်ပြီး ၂ ရက်အတွင်း နဘားလမ်းဆုံနဲ့ နဘားရွာထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့သလို ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ အင်းတော်မြို့မရဲစခန်းကို ရရှိခဲ့တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ အင်းတော်မြို့ထဲက နေအိမ်တွေကို မီးရှို့ခဲ့ပြီး နေအိမ်တစ်ချို့လည်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကျြဲချလို့ ပျက်စီးသွားကြောင်း ပြောပါတယ်။
“လက်ရှိမှာတော့ ဘူတာဘက်တွေ၊ ရဲစခန်းအနီးတဝိုက်နဲ့ ဈေးအနီးတစ်ဝိုက်တွေတော့ အတော်လေးပျက်စီးနေတာကို တွေ့ရတယ်။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနဲ့ ဘုန်းကြီးကျောင်း အနီးတဝိုက်က နေအိမ်တွေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။