ချောင်းဦးက ပျူစောထီးအင်အားအများဆုံးရွာဖြစ်တဲ့ ကံကြီးကုန်းကို တိုက်ခိုက်သိမ်းပိုက်
–
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးရွာကို တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ ညပိုင်းမှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
ချောင်းဦးမြို့နယ်မှာ ကင်းမွန်ဇော်၊ ကံဇီး၊ ကံကြီးကုန်း စတဲ့ ပျူစောထီးရွာ (၃) ရွာရှိပြီး၊ ချောင်းဦးမြို့နဲ့ ၉ မိုင်အကွာမှာရှိတဲ့ ကံကြီးကုန်းကတော့ ပျူစောထီးအင်အားအများဆုံးဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၅၀ ကျော်ရှိတဲ့ ကံကြီးကုန်းပျူစောထီးရွာကိုတော့ ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ကတော့ တိုက်ပွဲပြင်းထန်လာပြီးနောက် ဒီကနေ့ ည ၈ နာရီခွဲလောက်မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။
“မနေ့ကတည်းက အတွင်းတော့ရောက်နေပါပြီ။ ဘန်ကာတစ်ခုပဲ ကျန်တာပေါ့နော်။ ရှေ့တန်းရဲဘော်တွေ ပြောပြချက်အရကတော့ ဒီနေ့ညမှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါပြီ။ အသေးစိပ်အခြေနေတွေတော့ မသိရသေးဘူး။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လေကြောင်းတိုက်ခိုက်မှုအပြင် မုံရွာမြို့အထွက် စွမ်းရည်ထက်ဆီဆိုင်မှာ ဟောဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ကူတွေပေးခဲ့တယ်လို့လည်း ပြောပါတယ်။
ကံကြီးကုန်းပျူစောထီးရွာ တိုက်ပွဲနဲ့ပတ်သက်ပြီး ချောင်းဦးနယ်က လမ်းပိုင်းတွေဖြစ်တဲ့ မုံရွာ – ချောင်းဦးလမ်းပိုင်း၊ မုံရွာ – အမြင့်လမ်းပိုင်းနှင့် ချင်းတွင်းမြစ်ကြောင်း (မုံရွာဇာတ်ဆိပ်မှ ဆင်ဖြူရှင်တံတားအထိ) ကားများ၊ မော်တော် – စက်လှေများ ခေတ္တယာယီ အသွားအလာ မပြုလုပ်ကြပါရန်နှင့် ကားလမ်းများ မဖြစ်မနေ အသုံးပြုရမည်ဆိုပါက ကားမှန်များအားလုံး ချမောင်းပေးပါရန် မုံရွာ – အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး Page ကနေ ထုတ်ပြန်ထားပါတယ်။