သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီး စကစ ဒုဗိုလ်မှူးကြီးတစ်ဦးကို အရှင်ဖမ်းမိ
–
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီကနေ့ ထုတ်ပြန်ပါတယ်။
သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာမြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ဦးတောင်စေတီသို့ ဆုတ်ခွားသွားလို့ ဆက်လက်ပြီး တိုက်ခိုက်နေရတဲ့အတွက် မနေ့ကမှ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီး စိုးမင်းသူ (ကြည်း – ၅၄၃၅၄၂) ကို အရှင်ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံနဲ့ တခြားလူသုံးကုန် စက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးသီးအလုံး (၇၀) ကျော်၊ Y-12 နဲ့ ဗုံးသီး (၁၅၀) ကျော်ကြဲချခဲ့ပြီး Mi – 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့လည်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ ပြင်ဦးလွင်ခရိုင်တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင်တပ်ရင်း – ၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပြီး တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။