ဗန်းမော် – မံစီ လမ်းက KIA သိမ်းပိုက်ထားတဲ့ စခန်းဘက်ကိုလှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
–
ကချင်ပြည်နယ်၊ မံစီဘက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မနေ့က မွန်းလွဲပိုင်းမှာ KIA ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
KIA ပူးပေါင်းအဖွဲ့သိမ်းပိုက်ထားတဲ့ ဗန်းမော်နဲ့ မံစီမြို့ ကားလမ်းမကြီးဘေးက ကောင်ဂျာယန် စစ်တပ်စခန်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ကောင်ဂျာယန်ဘက်ကိုတိုက်ဖို့ စစ်ကြောင်းထိုးလာတာကို ဒီဘက် (KIA) က ဖြတ်တိုက်တော့ တိုက်ပွဲဖြစ်လိုက်ကြတယ်၊၊”လို့ ပြောပါတယ်၊၊
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ကောင်ဂျာယန်စခန်းဟာ ဗန်းမော်မြို့ကနေ ၅ မိုင်သာကွာဝေးတဲ့ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ် စခန်းထိုင်ခဲ့တဲ့စခန်းတစ်ခုဖြစ်ပြီး၊ ဩဂုတ်လ ၂၀ ရက်နေ့က KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗန်းမော် – မိုးမောက်မြို့ကြား လမ်းမပေါ်မှာရှိတဲ့ မိုးမောက်မြို့စောင့်တပ်ဖြစ်ပြီး ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ကိုလည်း ဩဂုတ် ၁၉ ရက်နေ့က KIA ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။