မြန်မာနိုင်ငံ အလယ်ပိုင်းမှာ PDF နဲ့ ပကဖ တွေ စစ်ရေးဖော်ဆောင်နေ
–
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသလက်အောက်ခံ PDF တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်းတွေ စစ်ရေးဖော်ဆောင်နေတယ်လို့ သိရပါတယ်
အထူးသဖြင့် မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ရေးနဲ့ပတ်သက်ပြီး အောင်ပွဲတွေလည်း ရရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“အရင်က တူမီးတွေ မီးကျိုးမောင်းပျက်တွေနဲ့ စတင်ခဲ့ပြီး အခုမှာတော့ မောင်းပြန်တွေ ခေတ်မီလက်နက်တွေနဲ့ တန်ပြန်တိုက်စစ်ကို စတင်နေနိုင်ပြီ”လို့ ပြောပါတယ်။
လက်တလောအချိန်မှာ မန္တလေးတိုင်းထဲမှာဆိုရင် သပိတ်ကျင်းနဲ့ တကောင်း၊ မကွေးတိုင်းထဲမှာဆိုရင် ဂန့်ဂေါ၊ စစ်ကိုင်းတိုင်းထဲမှာဆိုရင် ရွှေဘိုခရိုင်ထဲက ဒေသတွေ၊ ချင်းတွင်းမြစ်ဝှမ်းက ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ပင်လည်ဘူးတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေကြောင်း သိရပါတယ်။
အဆိုပါ တိုက်ပွဲတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေကြောင်း သိရပါတယ်။