အင်းတော် ရဲစခန်းက အချုပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်ခဲ့
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ တိုက်ပွဲများ ပြင်းထန်နေပြီး ရဲစခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီစစ်သားတွေ စခန်းစွန့်ခွာသွားတာကြောင့် အချုပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ စခန်းစွန့်ခွာသွားတာဖြစ်ပြီး မနေ့က ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် အချုပ်သားတွေကိုတွေ့လို့ ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့ ရဲစခန်းစွန့်သွားတာတော့ တိုက်ပွဲစဖြစ်ကတည်းကပဲပေါ့။ ရဲစခန်းကိုစွန့်ပြီး စစ်တပ်ကုန်းမှာ သွားပေါင်းတာ။ တော်လှန်ရေးအဖွဲ့တွေက မနေ့ကမှ နယ်မြေရှင်းလင်းရေးလုပ်တာ။ အဲ့ဒီမှာ အချုပ်သား ၁၆ ယောက်ကိုတွေ့လို့ ကယ်ထုတ်ခဲ့တာပေါ့။”လို့ ပြောပါတယ်။
အင်းတော်မြို့နဲ့ တစ်မိုင်အကွာမှာရှိတဲ့ နဘားရွာက စစ်ကောင်စီတပ်စခန်း ၂ ခုကို ဩဂုတ်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတစ်ချို့ ဖမ်းဆီးရမိတာရှိသလို၊ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့လည်း ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေးတပ်တွေက အင်းတော်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး၊ အင်းတော် စစ်တပ်ကုန်းနဲ့ မြို့မဘုန်းကြီးကျောင်း နေရာနှစ်ခုကျန်ရှိနေသေးကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်း အဆက်မပြတ်အသုံးပြုကာ ခုခံနေတယ်လို့ သိရပါတယ်။
အဆိုပါထိုးစစ်တိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ KPDF နဲ့ အမှတ် (၁) စစ်ဒေသလက်အောက် PDF တပ်ရင်းတွေက ပူးပေါင်းထိုးစစ်ဆင်နေတာဖြစ်ကြောင်း သိရပါတယ်။