ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းထောက်ပို့ အားကိုးနေ၊ အင်းတော်မြို့မဈေး မီးရှို့ခံရ
–
တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ စစ်ကူတွေပို့နေပြီး အင်းတော်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အင်းတော်မြို့မဈေး မီးလောင်ခဲ့တယ်လို့ စစ်ရေးသတင်းတွေကနေ သိရပါတယ်။
ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ Mi-17 ထောက်ပို့ရဟတ်ယာဉ် (၄) စီးက ဝန်းသို ခမရ (၁၂၀) နဲ့ ကန့်ဘလူ (၆၀၀၆) အမြောက်တပ်မှ စစ်ကူစစ်သားတွေကို သယ်ဆောင်ပြီး ပင်လည်ဘူးမြို့အရှေ့ဘက် ကျွန်းပင်သာရွာအနီးကို (၇) ကြိမ်စစ်ကူပို့ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ခွေး (စကစ) အခြေအနေ မကောင်းလို့နေမှာ ဝန်းသို ခမရ (၁၂၀) နဲ့ ကန့်ဘလူ (၆၀၀၆) အမြောက်တပ်ကနေ စစ်ကူတွေပို့တာပါ။ စုစုပေါင်း (၁၇၀) လောက်ရှိမယ်”လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မီးရှို့လို့ အင်းတော်မြို့မဈေး မီးလောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
“လက်နက်ကြီးသံတော့ မကြားဘူး။ စစ်ကောင်စီတပ်က တမင်မီးရှို့တာ ဖြစ်နိုင်တယ်။”လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေမှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အဆက်မပြတ် ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။