ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးမြို့ စစ်မျက်နှာမှာ စစ်ကောင်စီတပ်က Y-12 နဲ့ ဂျက်ဖိုက်တာ အလေ့ကျသုံးပြီး တိုက်ခိုက်နေ
–
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်၊ ထီးချိုင့်နဲ့ ပင်လည်ဘူးမြို့တွေကို စစ်ကောင်စီတပ်က နေရောညပါ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
မနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာပင် ထီးချိုင့်မြို့နဲ့ မြတောင်ရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ရဲ့ တံတားဦးမှတက်တဲ့ ဂျက်ဖိုက်တာ (၃) စင်းနဲ့ (၁၈) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ဗုံးအလုံးရေ (၁၀၀) ကျော် ကြဲချခဲ့တယ်လို့ ထီးချိုင့်နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ကြဲတာ။ ထီးချိုင့်နဲ့ မြတောင်ဘက်ကိုပေါ့။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တံတားဦးမှတက်တဲ့ ဂျက်ဖိုက်တာ (၃) စင်းနဲ့ မနက်ပိုင်းမှာ (၆) ကြိမ်၊ နောက်ထပ်နှစ်စင်းနဲ့ နေ့လယ်ပိုင်းမှာ (၆) ကြိမ်၊ ညပိုင်းမှာ (၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် Y-12 လေယာဉ်နဲ့လည်း မနက်ပိုင်းမှာ တစ်ကြိမ်၊ မွန်းလွဲပိုင်းမှာ တစ်ကြိမ်၊ ညဦးပိုင်းမှာ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက်အစောပိုင်း ၂ နာရီ ၄၀ မိနစ်အချိန်မှာလည်း တံတားဦးမှတက်တဲ့ ဂျက်ဖိုက်တာ တစ်စင်းနဲ့ ဗုံး ၂ ကြိမ် ဗုံးကြဲချသွားခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့မှာလည်း ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၁၄) ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးသီး အလုံးရေ (၆၇) လုံး ကြဲချခဲ့ကြောင်း သိရပါတယ်။