ကသာမှာ စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ဦးဇင်း (၃) ပါးနဲ့ ပြည်သူ (၂) ဦးထိခိုက်
–
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ဦးဇင်း (၃) ပါးနဲ့ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၂၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီလောက်မှာ ခမရ (၃၀၉) တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကသာမြို့ ပတ္တမြားရပ်ကွက်က သံလမ်းဘေးကို ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ပြည်သူတွေနဲ့ ဦးဇင်းတွေ ထိခိုက်ခဲ့တယ်လို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။
“ဦးဇင်း (၃) ပါးက ဆိုင်ကယ်နဲ့လာတာ၊ ယောက်ကျားနှစ်ယောက်က စက်ဘီးနဲ့ အထမ်းအငှား ထမ်းတဲ့သူတွေ သူတို့နားလေး ကျတာ။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ လက်နက်ကြီးကြောင့် ထိခိုက်တဲ့ သက်တော် (၃၀) နှစ်ဝန်းကျင်ရှိတဲ့ ဦးဇင်း (၃) ပါးကတော့ ကသာမြို့ ပြည်သာယာ တောရကျောင်းကဖြစ်ပြီး၊ အသက်အန္တရာယ်မစိုးရိမ်ရပေမဲ့ ထိခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အသက် (၄၀) နှစ်အရွယ် အမျိုးသား (၂) ဦးကတော့ ဒဏ်ရာပြင်းထန်ပြီး တစ်ဦးအသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကသာမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။