ဗန်းမော်နှင့် မိုးမောက်မြို့အတွက် အရေးကြီးသည့် ခမရ (၄၃၇) စခန်းကြီးကို အပြီးသိမ်းနိုင်ပြီ
–
KIA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) ကို ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ အတည်ပြုပြောဆိုကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကစတင်ပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗန်းမော်မြို့အဝင်၊ မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) တပ်ရင်းကို ယနေ့ မွန်းလွှဲ ၃ နာရီကျော်အချိန်တွင် အပြီးသိမ်းပိုက်လိုက်နိုင်သည်ဟု သိရပါသည်။
စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းလည်း သိရှိရသည်။
KIA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်အရ ယမန်နေ့ညကတည်းက စခန်းကို စီးနင်းထားနိုင်ခဲ့ပြီး၊ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။
“ဒီနေ့ ၁ နာရီကျော်ကတဲ့ ရှင်းလင်းရေးလုပ်နေတာ။ ဝင်နေပြီပြောတယ်။ လေယာဉ် ၄ စီးနဲ့ လာပစ်တာတဲ့။”ဟု ပြောသည်။
ခမရ ၄၃၇ စခန်းသည် မိုးမောက်နှင့် ဗန်းမော်မြို့ကြား ကားလမ်းပေါ်တွင်တည်ရှိသော တပ်ဝန်းကျယ်ကျယ်ပြန့်ပြန့်ရှိသည့် စခန်းဖြစ်ကြောင်း သိရသည်။ မေလဆန်းပိုင်းက ပထမဆုံးအကြိမ် ထိုးစစ်ဆင်ခဲ့ပြီး၊ စခန်းထိုးစစ်ကို ယာယီရပ်ဆိုင်းထားရာမှ ဇူလိုင် ၂၄ ရက်နေ့တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့အပြီးသတ် သိမ်းပိုက်နိုင်ခြင်း ဖြစ်ပါသည်။
၎င်းထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဒရုန်း၊ လေကြောင်းများနှင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း အကျအဆုံးရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်ကိုတော့ မသိရပေ။