နန့်စီးအောင်ဂိတ်ရှိ စစ်ကောင်စီ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ စခန်းစွန့်ခွာပြီး၊ စစ်သားများသာ ကျန်ရှိနေ
–
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန့်စီးအောင်စုပေါင်းဂိတ်မှာ အခွန်ကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ဂိတ်ကိုစွန့်ခွာပြီး စစ်သားတွေသာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့မှာ တိုက်ပွဲဖြစ်ပွားချိန် ဩဂုတ်လ ၁၆ ရက်နေ့မှာပဲ မိုးညှင်းမြို့ကို ပြောင်းရွှေ့သွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ နန့်စီးအောင်ဂိတ်နားက စာသင်ကျောင်းမှာ အင်အား ၅၀ လောက်နဲ့ တပ်စွဲထားတယ်လို့ နန့်စီးအောင် ဒေသခံတစ်ဦးက ပြောပါတယ်။
“အင်းတော်မြို့မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ သူတို့ပါ အတိုက်ခံရမှာ စိုးလို့ထင်တယ်။ ရဲတွေနဲ့ တခြားအခွန်ကောက်နေတဲ့သူတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ အကုန်ပြောင်းသွားကြပြီ။ လမ်းပြင်ထွက်နေတဲ့ စစ်သား ၄၊ ၅ ယောက်ပဲ တွေ့တော့မယ်။ ကျန်တာတွေတော့ ဂိတ်ဘေးက စာသင်ကျောင်းထဲမှာ။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီ စုပေါင်းဂိတ်တွင် အခွန်ငွေကောက်ခံနေတဲ့ ဌာနဆိုင်ရာ ဂိတ်ပေါင်း (၁၃) ခုရှိပြီး အဲ့ဒါတွေကတော့ ရဲ၊ စစ်တပ်၊ လဝက၊ သစ်တော၊ ရေနံ၊ သဘာဝ၊ တွင်းထွက်၊ ယာဉ်ထိန်း၊ မူးယစ်၊ စရဖ၊ ကျန်းမာရေး၊ ပို့ဆက်၊ မီးသတ် တို့ဖြစ်ကြောင်း သိရသည်။
ကုန်တင်ယာဉ်နှင့် ခရီးသည်ကားများကို ၎င်းဂိတ်များက ပိုက်ဆံကောက်ခံပြီး ခရီးသည်များလည်း လမ်းဆင်းလျှောက်ကာ မှတ်ပုံတင်စစ်ဆေးခံရသည့် ဂိတ်ဖြစ်ကြောင်း ကုန်တင်ကားဆရာတစ်ဦးက ပြောပါတယ်။
“ဆီကား၊ ကုန်တင်ကားတွေဆို တစ်ဂိတ်ကို ၂ သောင်းလောက် ပေးရတယ်။ ခရီးသည်ကားတွေဆို တစ်ဂိတ်ကို ၃ ထောင်ပေးရတယ်။ အခုကုန်ဈေးနှုန်းတွေတက်တော့ ဂိတ်ကြေးတွေလည်း ဈေးတက်လာပြီ။ ခရီးသည်တွေဆိုလည်း အသက်ပြည့်လို့ မှတ်ပုံတင်မလဲထားရင် ၅ သောင်းပေးရတယ်။”လိုပြောပါတယ်။
နန့်စီးအောင်ဂိတ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်နိမိတ်က ဂိတ်ဖြစ်ပြီး ခရီးသွားပြည်သူတွေကြားမှာ အခွန်ငွေအတောင်းကြမ်းတဲ့ ဂိတ်တစ်ခုအဖြစ် အပြောများနေတဲ့ ဂိတ်ဖြစ်ကြောင်း သိရပါတယ်။