ကျောက်စိမ်းမြေက ဗျူဟာကျတဲ့ စခန်း ၂ ခု စစ်ကောင်စီ ထပ်မံလက်လွှတ်ရ
–
ကမ္ဘာကျော် ကျောက်စိမ်းမြေက ဗျူဟာကျတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီနေ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၃ နာရီလောက်ကနေ ဖားကန့်မြို့ လမောင်တပ်စခန်းကုန်းနဲ့ တောမှော်တပ်စခန်းကုန်း နှစ်ခုစလုံးကို တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့ရာ၊ လမောင်စခန်းကို ဒီနေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး၊ တောမှော်စခန်းကို ညနေပိုင်း ၄ နာရီကျော်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းတင်ဆက်ထားပါတယ်။
“လမောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်း ၉ နာရီအချိန်မှာ အပြီးအစီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ တောမှော်တပ်စခန်းကိုတော့ ဒီကနေ့ ညနေပိုင်း ၄ နာရီအချိန်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။”လို့ KIO သတင်းရင်းမြစ်က တင်ဆက်ထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA တပ်မဟာ (၉) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မ (၃၃) လက်အောက်ခံ ခမရ (၁၂) တပ်စွဲထားတဲ့ စစ်ခန်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစခန်းကုန်းကို ထိုးစစ်ဆင်နေစဉ် ဖားကန့်မြို့အခြားနေရာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖားကန့်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖားကန့်ဒေသက အဆိုပါတပ်စခန်းနှစ်ခု သိမ်းပိုက်ခံရတဲ့ ဒီနေ့ညနေ ၃ နာရီခွဲ လေးနာရီဝန်းကျင်မှာ KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။