KIO က အထူးစစ်ဆင်ရေးကို တပြည်လုံးအတိုင်းအတာ ဖော်ဆောင်နေပြီး၊ တပ်မှူးများ၊ ရဲဘော်များ၊ မဟာမိတ်အဖွဲ့များနှင့် ပြည်သူထူထုကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော
–
KIO သည် အထူးစစ်ဆင်ရေးစီမံချက်ဖြင့် တပြည်လုံးအတိုင်းအတာ စစ်ဆင်ရေးကို အရှိန်မြင့် ဖော်ဆောင်နေပြီး စစ်ကောင်စီ၏ တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ဆင်ရေးကို ရုပ်သိမ်းခြင်း မရှိသေးသောကြောင့် လွတ်မြောက်နယ်မြေနှင့် မြို့နေပြည်သူများလည်း ရန်သူ၏ ဝေဟင်တိုက်ခိုက်မှုကို သတိထားနေရမည်ဖြစ်ကြောင်း ယနေ့ ကျရောက်သည့် ကချင်အာဇာနည်နေ့ မိန့်ခွန်းမှတဆင့် ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားခဲ့သည်။
“ယမန်နှစ်မှစပြီး မိမိတို့၏ အုပ်ချုပ်ရေးနယ်မြေဒေသများတွင် တပ်စွဲနေသော ရန်သူတပ်စခန်း အများအပြားကို တိုက်ခိုက်ချေမှုန်းကာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်သည်။ စစ်ဆင်ရေးကို ဦးဆောင်သူများနှင့် ရှေ့တန်းစစ်မြေပြင်တွင် ရဲစွမ်းသတ္တိရှိရှိ တိုက်ပွဲဝင်ကြသည့် ရဲဘော်များအားလုံးကို ဂုဏ်ပြုချီးကျူးပါသည်။ နောက်တန်းမှနေ၍ စစ်ဆင်ရေး တိုက်ပွဲများအတွက် ကဏ္ဍအမျိုးမျိုးဖြင့် ကူညီထောက်ပံ့နေကြသည့် အမှုထမ်းရဲဘော်များနှင့် ပြည်သူများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုပါသည်။”
လက်ရှိစစ်ဆင်ရေးတွင် ပူးပေါင်းလက်တွဲကြသော မဟာမိတ်တော်လှန်ရေးအဖွဲ့များကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ မိန့်ခွန်း၌ ပါရှိပါသည်။
ယခုတစ်ကြိမ် စစ်ဆင်ရေးသည် တိုင်းရင်းသားပြည်သူများ၏ ထောက်ခံအားပေးမှုကြောင့် အချိန်တိုအတွင်း အောင်ပွဲများအလီလီ ရရှိခဲ့ကြောင်းလည်း ပြောပါသည်။ ယခုလို အောင်ပွဲများကို ရရှိနေသည်နှင့်အမျှ အခြားတစ်ဖက်တွင် ရန်သူစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု အခြေအနေများကိုလည်း အမြဲသတိထား စောင့်ကြည့်ရန် KIO ဥက္ကဌက မိန့်ခွန်းမှတဆင့် သတိပေးလိုက်သည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် ပတ်သက်၍လည်း ယခုလို ပြောကြားထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီသည် ပြည်သူလူထု၏ အကြံပေးချက်များကို လက်ခံတန်ဖိုးထားပြီး၊ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားစေပြီး သွေးထွက်သံယိုဖြစ်မည့် တိုက်ပွဲဖော်ဆောင်မှုများကို အတတ်နိုင်ဆုံးရှောင်ရှားကာ နည်းလမ်းရှာ ဆောင်ရွက်နေကြောင်း ပြောကြားသည်။ ထို့အပြင် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသူများနှင့် ပြည်သူ့စစ်အဖွဲ့များတွင် ပါဝင်နေကြသူများကိုလည်း နီးစပ်ရာဆွေမျိုးအချင်းချင်း သတိပေးစည်းရုံးသိမ်းသွင်းခြင်းဖြင့် မိဘပြည်သူများ တာဝန်ယူဆောင်ရွက်ကြရန်လည်း KIO ဥက္ကဌ၏ မိန့်ခွန်း၌ ပါရှိသည်။
လွတ်မြောက်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ လူသားအရင်းအမြစ် လိုအပ်လာ၍ မိမိတို့၏ ဆန္ဒအလျောက် ဝင်ရောက်တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
အနိုင်ယူသိမ်းပိုက်ထားသော ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူထူထုကောင်းစားရေးနှင့် ဒေသလုံခြုံကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေညီ အားစိုက်လုပ်ဆောင်နေရပါသည်။ အဆိုပါ လုပ်ငန်းကဏ္ဍများအတွက် တတ်သိကျွမ်းကျင်သူများနှင့် အသက်အရွယ်ကောင်း လူငယ်များလိုအပ်နေသည့်အတွက် မိမိတို့၏ ဆန္ဒအလျောက် ဝင်ရောက်တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းထားသည်။
တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား ထိန်းချုပ်နယ်မြေ အပြိုင်လုယူအုပ်စိုးသည့် လုပ်ရပ်မျိုးမဖြစ်စေရန်လည်း သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လ ယနေ့ပြောကြားသည့် ကချင်အာဇာနည်နေ့ မိန့်ခွန်း၌ ပါရှိပါသည်။
လက်ရှိကာလတွင် တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား နယ်မြေလု ထိန်းချုပ်အုပ်စိုးသည့် လုပ်ရပ်များ မပေါ်ပေါက်အောင် သတိထားရမည်။ အုပ်ချုပ်မှုနယ်မြေနှင့် ပတ်သက်သည့်ကိစ္စရပ်များသည် နိုင်ငံရေးနည်းလမ်းဖြင့်သာ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်ရမည်ဟု နားလည်ထားရန် လိုအပ်ကြောင်း ပြောပါသည်။
နိုင်ငံငြိမ်းချမ်းတိုးတက်ဖွံ့ဖြိုးလာရန်အတွက် နိုင်ရေးပြေလည်မှုရှိရမည်။ သို့သော် မြန်မာအစိုးရ အဆက်ဆက်သည် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို မူဝါဒခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသောကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် ပြေလည်မှုရဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ ရည်မှန်းသည့် ပန်တိုင်သို့ ရောက်ရှိအောင် လက်နက်ကိုင် တော်လှန်နေကြခြင်း ဖြစ်သည်။ မှန်ကန်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ်ပေါက်လာလျှင် တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းဖြင့်လည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြောကြားသည့် ကချင်အာဇာနည်နေ့ မိန့်ခွန်း၌ ပါရှိသည်။
လက်ရှိကာလတွင် မြန်မာတစ်နိုင်ငံလုံးနီးပါး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ပူးပေါင်းလက်တွဲတော်လှန်နေသည့် အချိန်ကာလဖြစ်ကြောင်း တိုင်းရင်းသားပြည်သူများနှင့် KIO/KIA အမှုထမ်းများအား ယနေ့ပြောကြားသည့် ကချင်အာဇာနည်နေ့ မိန့်ခွန်းတွင် KIO ဥက္ကဌ၊ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားခဲ့ပါသည်။