စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လိုင်ဇာ – မိုးမောက် ကားလမ်းရှိ စီဟက်နဲ့ ကုန်းလောကျေးရွာက ပြည်သူ ၁ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ
–
ယမန်နေ့ည လိုင်ဇာ – မိုးမောက်မြို့ ကားလမ်းရှိ စီဟက်နဲ့ ကုန်းလောကျေးရွာအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး၊ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စီဟက်ကျေးရွာက ဒဏ်ရာရသူ (၆) ယောက်နဲ့ ကုန်းလောကျေးရွာက ဒဏ်ရာရရှိသူ (၃) ယောက် လိုင်ဇာပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဆေးရုံမရောက်သေးတဲ့သူတွေလည်း ရှိသေးကြောင်း” KIO ရဲ့ သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
မိုးမောက်မြို့နယ် ကုန်းလောကျေးရွာနှင့် စီဟက်ကျေးရွာသည် မတ် ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်အတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ ကျေးရွာတွေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက လက်ရှိ ဗန်းမော်ဘက်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
မနေ့ညတစ်ညတည်းမှာပဲ လိုင်ဇာမြို့အနီး မိုင်ဆတ်ပါကျေးရွာမှာလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့သလို ကျေးရွာဘုရားကျောင်းဝင်းမှာလည်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်မှုတွေရှိခဲ့တာကို ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မိုင်ဆတ်ပါကျေးရွာပြည်သူတွေရဲ့ နွားတွေလည်း သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံနေရတဲ့ စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို လေကြောင်းဗုံးကြဲမှုတွေပြုလုပ်နေတဲ့အတွက် အိမ်နီးချင်းတရုတ်နိုင်ငံအပြင် နိုင်ငံတကာမိသားစုများမှ ဟန့်တားပေးကြရန် AA၊ MNDAA၊ TNLA ညီနောင်မဟာမိတ် (၃) ဖွဲ့က ဩဂုတ်လ ၆ ရက်နေ့မှာ တောင်းဆိုတိုက်တွန်းစာ ထုတ်ပြန်ခဲ့ပါတယ်။