ပြည်တွင်းစစ်ဒဏ်ကြားက အိမ်ပြန်နိုင်မဲ့ရက်ကို စောင့်မျှော်နေကြရတဲ့ စစ်ရှောင်ပြည်သူများ
.
–
ဒါကတော့ မိခင်ဖြစ်သူ ဒေါ်ထီရမ် မနက်စာအတွက် ချက်ပြုတ်နေတာပါ။ အထောက်အပံ့ရရှိထားတဲ့ ဆန်တစ်အိတ်ထဲက လူဦးရေ (၇) ယောက်စာအတွက် ဝမ်းဝရုံသာ ချွေသာစားနေရပါတယ်။ မြင်ရတဲ့အတိုင်း မီးဖိုချောင်စင်ပေါ်မှာ ဟင်းသီးဟင်းရွက်အနည်းငယ် ရှိပါတယ်။ နောက်ပြီး ဒီနေ့ကတော့ ငါးခြောက်ကို ခရမ်းချဥ်သီးနဲ့ ချက်ထားပါတယ်။ ဟင်းရည်သောက်ကတော့ ရေများများနဲ့ ပဲဟင်းရည်ပါပဲ။ ဒါတွေကို လွန်ခဲ့တဲ့အပတ်က အိမ်ထောင်စုတစ်စု သုံးသောင်းကျပ်နှုန်းနဲ့ အထောက်အပံ့ရရှိထားလို့ ဝယ်ခြမ်းထားနိုင်ခဲ့တာပါ။ ဒီလိုစားရတဲ့နေ့ဟာ ဒေါ်ထီရမ်တို့ မိသားစုအတွက် ဟင်းကောင်းစားရတဲ့နေ့ပါပဲ။
“စားဝတ်နေရေးက အဖွဲ့အစည်းက တစ်ခါတစ်လေ လာတဲ့ဟာတွေ တစ်ခါတစ်လေတော့ ထုတ်ပေးတယ်။ စစချင်းတော့ တစ်ပတ်မှာ တစ်ခေါက်ထုတ်ပေးတယ်။ နောက်ပြီးမှ အခုရေဘေးတွေ ရောက်လာတော့ ရေဒုက္ခတွေရောက်လာတော့ ၂ ပတ်လောက် ၃ ပတ်လောက်မှ တစ်ခေါက်တော့ ရောက်လာပါတယ်။ အဲ့တာကြောင့်မို့ ဖြစ်သလိုချက်စား ဖြစ်သလိုစားသောက်ပြီးမှ တစ်ခါတစ်လေ ထောက်ပံ့ကြေးရတဲ့ဟာလေးနဲ့ ဟင်းတွေဘာတွေဝယ်စား အဲ့လိုမျိုး”
၈ ပေသာကျယ်ဝန်းတဲ့ အခန်းမှာ ဒေါ်ထီရမ်တို့ မိသားစု ၇ ဦး နေနေပါတယ်။ စစ်ရှောင်စခန်းမှာလည်း လူဦးရေ ထပ်တိုးလာနေဆဲ ဖြစ်တာကြောင့် နေစရာအခန်းတွေ မရှိဖြစ်လာပြီး ထပ်မံတိုးချဲ့ဆောက်လုပ်နေရပါတယ်။ လူဦးရေများတဲ့ ဒေါ်ထီရမ်တို့ မိသားစုအတွက်တော့ ဒီအခန်းကျဥ်းလေးထဲမှာ နေနေရတာအဆင်မပြေလှပါဘူး။ လက်ရှိမှာ ဒီစစ်ရှောင်စခန်းထဲ အိမ်ထောင်စု (၁၃၈) ခု၊ လူဦးရေ (၆၁၀) ဦးထိရှိလာပါတယ်။ စခန်းတာဝန်ခံကလည်း ထပ်မံရောက်ရှိလာတဲ့သူတွေအတွက် နေစရာတွေတိုးချဲ့ ဆောက်လုပ်ပေးနေပြီး စစ်ရှောင်မိသားစုတွေအတွက် လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။
ကျတော်တို့ ဒီယာယီစစ်ရှောင်စခန်းမှာ လိုအပ်ချက်တွေတော့ အများကြီးရှိပါတယ်။ အဲ့ကနေ ကျွန်တော်တို့ နေရာထိုင်ခင်းကတော့ ကျတော်တို့ဆီမှာ နံပါတ်တစ် အရေးကြီးတဲ့အပိုင်းတွေ ဖြစ်ပါတယ်။
ဒေါ်ထီရမ်ကတော့ မနက်စာချက်ပြုတ် စားသောက်ပြီးတာနဲ့ ကလေးတွေကျောင်းသွားဖို့ ပြင်ဆင်ပေးရ ပြန်ပါတယ်။ သနပ်ခါးပါးကွက်ကျားနဲ့ ကလေးတွေဟာ သူမအတွက်ခွန်အားတွေပါ။ ကလေးတွေကို ကျောင်းပို့ပြီးတာနဲ့ အိမ်သန့်ရှင်းရေးလုပ်တာ အဝတ်လျှော်တာတွေလုပ်ပြီးမှ အနားယူရပါတယ်။ ကျောင်းဝတ်စုံနှစ်ထည်စီကို မရိုးနိုင်အောင်ဝတ်နေရတဲ့ သူမကလေးတွေအတွက် အသစ်တစ်စုံ ဝယ်ပေးချင်နေပေမဲ့ ဒေါ်ထီရမ် အပါအဝင် စစ်ရှောင်စခန်းကသူတွေအားလုံး အလုပ်အကိုင်မရှိကြတဲ့အတွက် ဝင်ငွေမရှိကြပါဘူး။ ဒါကြောင့် ရှိနေတဲ့ငွေစတွေကို ချိုးခြံချွေတာပြီး သုံးနေရပါတယ်။ အချို့မိသားစုတွေဆိုရင် အသုံးစရိတ်ပြတ်သွားလို့ ဘေးခန်းကအသိတွေဆီက ချေးငှားနေရတာတွေအထိ ရှိလာပါတယ်။ ဒေါ်ထီရမ် ဟာလည်း ငွေကြေးအခက်အခဲကြောင့် ကလေးကျောင်းစရိတ်နဲ့ဆေးဖိုးဝါးခအတွက်တောင် မတတ်နိုင်တဲ့ အခြေအနေပါ။ ဒါကြောင့် ရပ်ဝေးမှာ အလုပ်သွားလုပ်နေတဲ့ ခင်ပွန်းသည်ဆီက ပို့လာမယ့်ငွေကိုပဲ စောင့်မျှော်နေရပါတယ်။
“အလုပ်က ဘာမှမရှိဘူး၊ လောလောဆယ်တော့ အားလုံးတစ်ရွာလုံးက စစ်ရှောင်ဆိုတော့ ဘားအလုပ်မှလည်း မရှိကြဘူး။ အလုပ်လက်မဲ့ဟုတ်တယ်။ ကလေးတွေဖျားနာတာ၊ ယောက္ခမဖျားနာရင်တော့ ဟိုမှာ ကျွန်မခင်ပွန်းဆီက သားသမီးဆီက ပိုက်ဆံနည်းနည်းပါးပါးမှာပြီးမှ ဆေးတွေဘာတွေထိုး၊ ကလေးတွေမုန့်ဖိုး အဲ့လိုမျိုးတွေ၊ ကလေးကျောင်းမှာ ထည့်ရမဲ့နေရာတွေမှာ အဲ့တာတွေနဲ့ ထည့်တာဟုတ်တယ်။ ဒါလေးတွေနဲ့ပဲ”
မိုးရွာတဲ့နေ့တွေဆိုရင် ဒီစစ်ရှောင်စခန်းအတွက် ဝမ်းနည်းဝမ်းသာ ဖြစ်ရပြန်ပါတယ်။ မိုးယိုစိမ့်နေလို့ အဖွားတစ်ယောက်ကတော့ ရှိတဲ့မိုးကာစတွေနဲ့ လိုက်အုပ်နေရတာပါ။ မိုးကာသားတွေ ပါးတာကြောင့် လေဒဏ်မိုးဒဏ်ကြမ်းရင် ပေါက်ပြဲကုန်ပါတယ်။ တစ်ဖက်မှာလည်း သောက်ရေနဲ့သုံးရေ ခက်ခဲတဲ့ ဒီစစ်ရှောင်စခန်းမှာ ဒီမိုးရေကြောင့် ပျော်ရွင်ရပြန်ပါတယ်။ မိုးရေကိုပုံးအကြီးနဲ့ခံပြီး လှောင်ထားရပါတယ်။ ဒါတွေနဲ့ပဲ ထမင်းချက်တာ ဆေးကြောသန့်စင်တာတွေအပြင် ရေမိုးချိုးဖို့အတွက်ပါ အသုံးပြုရပါတယ်။ သောက်ရေအတွက်ကတော့ စစ်ရှောင်စက ၁၀ အိမ်ထောင်စု တစ်ဘူးနှုန်းနဲ့ အကူအညီရရှိခဲ့ပေမဲ့ ၁ လကျော်ကြာနောက်ပိုင်းမှာတော့ အကူအညီရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါကြောင့် အိမ်ထောင်စုအလိုက် တစ်ဘူး ၂၀၀၀ ကျပ်အထိ ပေးဝယ်သောက်နေရပြီး ငွေကြေးချို့တဲ့တဲ့ အိမ်ထောင်စုတွေအတွက်တော့ ရှိတဲ့ရေကို ကျိုချက်သောက်သုံးရုံကလွဲလို့ မတတ်နိုင်ကြပါဘူး။
”သောက်သုံးရေနဲ့ပတ်သတ်ပြီးတော့မှ အစပိုင်းမှာတော့ အကူအညီရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာကျတော့ ကျွန်တော်တို့ အကူအညီရပ်တန့်သွားပါတယ်။ ကျွန်တော်တို့ အကူအညီရပ်တန့်သွားတဲ့ နောက်ပိုင်းမှာ တစ်ဘူးကို ၁၂၀၀ နဲ့ ကျွန်တော်တို့ ဝယ်ပြီးမှ (ဧရာဝတီ) ရေကြီးတဲ့နောက်ပိုင်း ခုဒီနောက်ပိုင်းမှာဆိုရင် တစ်ဘူးကို ၂၀၀၀ ထိ၊ ၂၀၀၀ လောက်ထိ ပေးပြီးတော့မှ ကျတော်တို့ သုံးနေရပါတယ်။”
ဒီစစ်ရှောင်စခန်းမှာ ဖျားနာသူတွေကို အလျဉ်မီကုသပေးနိုင်ဖို့ ဆေးပေးခန်းတစ်ခုလည်း ထားရှိပါတယ်။ ဒါပေမဲ့ လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ဆေးကုသနေရတဲ့ လူနာတွေများပြားလာပြီး ဆေးဝါးပြတ်လပ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
လေ့လာချက်အရ လက်ရှိဝိုင်းမော်ဒေသတစ်ဝိုက်မှာ စစ်ရှောင်စခန်းပေါင်း ၅၀ ကျော်ရှိနေပါတယ်။ အကူအညီထောက်ပံ့မှုနည်းပါးလာတဲ့ အကြောင်းရင်းနဲ့ပတ်သတ်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ကုန်စျေးနှုန်းမြင့်တက်မှုအပြင် ပစ္စည်းပြတ်လပ်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ စစ်ရှောင်စခန်းအရေအတွက် များပြားလာတာနဲ့ စစ်ရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့်လို့ ပြောပါတယ်။ ဒေါ်ထီရမ် အတွက်ကတော့ ဒီလိုကျပ်တည်းတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ အိမ်အမြန်ပြန်နိုင်ရေးသာ ဆုတောင်းနေရပါတယ်။
”နိုင်ငံရေးကောင်းလာမှပဲ တစ်ရွာလုံးက ရွာကိုပြန်ပြီးမှပဲ လုပ်စား၊ ပိုက်ဆံရှာတဲ့သူကလည်ရှာ၊ ပြီးမှပဲ ကျွန်မတို့လည်း အဲ့လိုပဲရွာကို ဘယ်လိုပြောရမလဲ နိုင်ငံရေးကောင်းလာရင်တော့ ရွာကိုပြန်ရမှာပေါ့၊ အဲ့မှာပဲလုပ်စားပြီးနေမယ်”