လိုင်ဇာမြို့အနီးကျေးရွာများသို့ စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ဘုရားကျောင်းများ ထိခိုက်ပျက်စီးမှုရှိ
–
KIO/KIA ဌာနချုပ်၊ လိုင်ဇာမြို့နှင့် နမ်ဆန်ယန်ကျေးရွာကြားရှိ မိုင်ဆတ်ပါကျေးရွာအပြင် မိုးမောက်မြို့နယ် စီဟက်ကျေးရွာများတွင် စစ်ကောင်စီတပ်က ယမန်နေ့ည သြဂုတ်လ ၈ ရက်နေ့ည၌ လေယာဥ်ဖြင့် ဗုံးသီးများ ကြဲချခဲ့၍ ဘုရားကျောင်းဝင်းနှင့် လူနေအိမ်များတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
တရုတ်နယ်စပ် လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီတပ်၏ Y – 12 လေယာဉ်ဟုယူဆရသည့် လေယာဉ်ပျံဝဲလာမှုကြောင့် တရုတ်ဘက်က လေကွဲအချက်ပြမီးများ ပစ်ဖောက်ခဲ့သလို တရုတ်ဂျက်လေယာဉ်များလည်း ပျံဝဲမှုရှိခဲ့ကြောင်း လိုင်ဇာမြို့ခံများက ပြောသည်။
မိုင်ဆတ်ပါ နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားကျောင်းတံခါးမှန်များ ပျက်စီးခဲ့သည့်အပြင် လူနေအိမ်တစ်ခု၌လည်း ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၂၀ နှစ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့သည်ဟု ကျေးရွာဒေသခံများက ပြောသည်။
မတ်ဆတ်ပါကျေးရွာနှင့် ကျေးရွာဝန်းကျင်မှာပဲ လေယာဉ်ဗုံးသီး ၁၀ လုံးခန့် ကြဲချခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
”ညက ၁၂ နာရီခွဲလောက်မှာ ကျတာ၊ ၄ လုံးဆက်တိုက်ပဲ။ အဲ့မှာ အိမ်တစ်အိမ်ထိတယ်။ အိမ်ဘေးက ဘုရားကျောင်းမှာ ၃ လုံးကျတယ်။ ထိတဲ့အိမ်က မိန်းကလေးက ခြေထောက်မှာ ထိသွားတာ၊ ကိုယ်ဝန်သည် ဟုတ်တယ်။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။
ထို့အပြင် မိုင်ဆတ်ပါကျေးရွာအနီးဝန်ကျင်သို့လည်း စစ်ကောင်စီတပ်က လေယာဉ်ဗုံးသီးကြဲချခဲ့၍ ကျေးရွာပြည်သူများ၏ နွားများထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ည တစ်ညတည်းမှာပဲ မိုးမောက်မြို့နယ် စီဟက်ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ အရပ်သားထိခိုက်မှုများရှိခဲ့ပြီး သက်ကြီးရွယ်အို အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
စီဟက်ကျေးရွာသည် မတ်လ ၇ ရက်နေ့တွင် စတင်သည့် KIA နှင့် ပူးပေါင်းအဖွဲများ၏ ထိုးစစ်အတွင်း သိမ်းယူရရှိခဲ့သည့် ကျေးရွာဖြစ်သည်။