အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA နဲ့ ပူးပေါင်းတပ်တွေ အပြီးသိမ်းပိုက်
–
ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လားရှိုးမြို့က စစ်ကောင်စီတပ်စခန်းတွေကို MNDAA နဲ့ ပူးပေါင်းတပ်တွေ ဇူလိုင်လ ၃ ရက်နေ့ကနေ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့နေရာအများစုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာတော့ လားရှိုးမြို့က အရှေ့မြောက်စစ်ဌာနချုပ် (ရမခ) ကိုလည်း အပြီးသတ်သိမ်းပိုက်ရန် MNDAA နဲ့ ပူးပေါင်းတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီးနောက် မနေ့က ဩဂုတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်မိသားစုဝင်တွေအပါအဝင် အင်အား ၂၀၀ လက်နက်ချခဲ့ပြီး ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့မှာ (ရမခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ် ချန်နယ်နယ်တွေမှာလည်း ရမခ ကျသွားလို့ ဝမ်းနည်းကြောင်း ပို့စ်တွေတင်နေကြတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်တိုင်း (၁၄) တိုင်းအနက် ရမခ ဟာ ပထမဆုံး တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ စစ်တိုင်းဌာနချုပ် ဖြစ်လာပြီဖြစ်ပါတယ်။