မြစ်ဆုံအထက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမ၊ တီယန်ဇွပ်ကျေးရွာရှိ စကစ စခန်းကို တိုက်ခိုက်နေ
–
မြစ်ဆုံအထက်ပိုင်း၊ မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၈ နာရီကစပြီး KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေကြောင်း သိရှိရသည်။
မြစ်ကြီးနား – ပူတာအို ကားလမ်းပေါ်ရှိ တီယန်ဇွပ်ရွာရှိ စစ်ကောင်တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က စတင်ထိုးစစ်ဆင်ရာ စစ်ကောင်စီဘက်ကလည်း ပြန်လည်ခုခံပြီး တိုက်ပွဲဖြစ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကျေးရွာနေဒေသခံတို့က ယမန်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပြီဟု မြစ်ကြီးနား – ပူတာအို လမ်းပိုင်းအသုံးပြုနေသည့် ကားဆရာတစ်ဦး၏ ပြောကြားချက်အရ သိရသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ကားဆရာတစ်ယောက်ကို ဆက်သွယ်ကြည့်တာ မနေ့ကနောက်ဆုံး ဒေသခံတွေကို ထွက်ပြေးခိုင်းတာတဲ့။ ဒီနေ့မနက်တော့ဖြစ်တာ”ဟု ဆိုသည်။
ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် အခြေအနေများကို တိတိကျကျ သိရှိရန်ခက်ခဲနေကြောင်းလည်း ကားဆရာထံမှ သိရှိရသည်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို သတင်းမေးမြန်းခဲ့သည့် မွန်းလွဲ ၂ နာရီအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်စခန်းကို သိမ်းဆည်းနိုင်ခြင်း မရှိသေးကြောင်း၊ အင်ဆွပ်ဇွပ် စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားခဲ့သည်။
မြစ်ကြီးနား – ပူတာအို ကားလမ်းမပေါ်ရှိ မြို့နယ်ရုံးစိုက်ရာ ဆွမ်ပရာဘွမ်မြို့ကိုတော့ မေလ ၄ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားခြင်း ဖြစ်သည်။