မန္တလေး PDF က မတ္တရာမြို့နယ်မှ စကစ ၏ စခန်း ၇ ခုကို ထပ်မံသိမ်းပိုက်ပြီး၊ မြို့နယ်အတွင်းရှိ တပ်စခန်းပေါင်း (၃၅) ခုကို သိမ်းပိုက်ထားပြီဟုဆို
–
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်လျှက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ဇူလှိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုရက်ပိုင်းအတွင်း မတ္တရာမြို့နယ်မှ စစ်ကောင်စီတပ်၏ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း၊ တောက်ကန်ကျေးရွာ တပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သေပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းများကို ထပ်မံသိမ်းပိုက်ရရှိထားပြီး၊ မတ္တရာမြို့နယ်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သိမ်းပိုက်ရရှိထားသည့် တပ်စခန်းပေါင်း (၃၅) ခု ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတားကျေးရွာနှင့် မြကန်သာကျေးရွာများတွင်လည်း တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က စစ်ဆင်ရေးလှိုင်းများ မန္တလေးမြို့အထိ ဆင်းလာပြီဖြစ်၍ စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဉ်းစားပြင်ဆင် လုပ်ဆောင်ရမည့်အရာများ ပိုများလာကြောင်း ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။