စစ်ရေးပဋိပက္ခများကြောင့် ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာမည် စိုးရိမ်ကြောင်း “ဝ” အဖွဲ့ထုတ်ပြန်
–
နိုင်ငံအနှံ့စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံပြိုကွဲသွားနိုင်သည့်အနေအထား ရောက်ရှိနေသည့်အတွက် တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် စစ်ပွဲများအမြန်ဆုံးရပ်တန့်ရန် မျှော်လင့်ကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပါတီဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် “စစ်ရေး ပဋိပက္ခများဆက်လက်ဖြစ်ပွါးနေပါက လူမှုမျိုးနွယ်စုကြားအကွဲအပြဲများ ပိုမိုနက်ရှိုင်းပြီး အချင်းချင်းရန်ငြိုးလည်း ပိုမိုမြင့်တက်ကာ မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက်ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။”ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ သည် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းကာ အဖွဲ့ဝင် (၇) ဖွဲ့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ ဥက္ကဌဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းအဖွဲ့ဝင်များဖြစ်ကြသည့် KIA၊ AA၊ TNLA နှင့် MNDAA အဖွဲ့များမှာ အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ က လက်ရှိစစ်ရေးအခြေအနေတွင် ကြားနေမူဝါဒကျင့်သုံးကြောင်း ထုတ်ပြန်ထားသည်။