စောင့်ကြည့်ရမယ့် ဗန်းမော်မြို့အနီးက တိုက်ပွဲ အခြေအနေ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
မိုးမောက်မြို့ကို အပြီးသတ်သိမ်းဖို့ ကျန်ရှိနေတဲ့ မိုးမောက် – ဗန်းမော်မြို့ လမ်းမပေါ်က ခမရ (၄၃၇) စခန်းကို ထပ်မံထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ဇူလိုင် ၂၄ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက စတင်လိုက်တာကြောင့် ကချင်စစ်ရေးအရှိန်ဟာ တစ်ဖန်အာရုံစိုက်စရာ ဖြစ်လာပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်တစ်ခွင်လုံးမှာ ဖုန်း၊ အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်မှု ဖြစ်ပေါ်နေတာကြောင့် တိုက်ပွဲအခြေအနေကို အရင်လတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေလို ဝေဝေဆာဆာ မတွေ့ရပါဘူး။
ဗန်းမော်မြို့အတွက်ပါ အရေးပါတဲ့ မံစီမြို့ရဲ့ မြို့စောင့်တပ်နှစ်ခုဖြစ်တဲ့ ခမရ (၆၀၁) နဲ့ (၃၁၉)၊ မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) စတဲ့ စစ်တပ် ၃ ခုကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မေလကတည်းက ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မိုးမောက် ခမရ ၄၃၇ ကို ထိုးစစ်ဆင်နေတဲ့ အတောအတွင်း တပ်ကိုစီးနင်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ကလည်း တန်ပြန်စစ်ကြောင်းထိုးလာတဲ့အတွက် ဝင်ရောက်စီးနင်းထားတဲ့ စခန်းကနေ ပြတ်ဆုတ်ပြီး၊ ဆက်လက် တိုက်ပွဲဖြစ်ပွားနေတဲ့ အနေအထားရှိတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတစ်ဆင့် သိရှိထားရပါတယ်။
မိုးမောက်နဲ့အပြိုင် စစ်ဆိုင်ထားတဲ့ မံစီဘက်မှာလည်း ဗန်းမော် – မံစီ ကားလမ်းကြောပေါ်က ကောင်ဂျာယန်ကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့ သိရှိရပါတယ်။ မံစီမြို့သိမ်းတိုက်ပွဲ စတင်ကတည်းက ကောင်ဂျာယန်ဘက်မှာ ဗန်းမော်ကနေ မံစီဘက်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း တိုက်ပွဲတွေ ရံဖန်ရံခါ ဖြစ်ပွားနေခဲ့တဲ့ နေရာလို့ သိရပါ။
ဒါ့အပြင် ဒီတစ်ကြိမ်ထိုးစစ်မှာ တော်လှန်ရေးအဖွဲ့တွေဟာ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) ဌာနချုပ်ရုံးစိုက်တဲ့ ဗန်းမော်မြို့အထိ ချည်းနင်းဝင်ရောက်လာတဲ့ အနေအထားလို့ တိုက်ပွဲဖြစ်ပွားနေတဲ့ သတင်းတွေအရ နားလည်ရပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ ဗန်းမော်တက္ကသိုလ် အနောက်ဘက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ တာမိုင်းလုံ၊ မိုးဖိန်း၊ ရွှေစည်၊ သာစည်၊ နန့်လှိုင် ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် အဲ့ဒီတကြောက ကျေးရွာတွေဟာ စစ်ရှောင်နေရကြောင်း သိရပါ။ တိုက်ပွဲမတိုင်ခင်က စစ်ကောင်စီဟာ နန့်လှိုင်ကျေးရွာအထိ တပ်ဖြန့်ထားပေမယ့် KIA စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အခါ ဗန်းမော်တက္ကသိုလ်အထိ တပ်ဆုတ်သွားပြီး တာမိုင်းလုံ၊ မိုးဖိန်း၊ ရွှေစည်၊ သာစည် တကြောကို လေကြောင်း၊ လက်နက်ကြီးနဲ့ ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလပိုင်းမှာ ဝိုင်းမော်မြို့နယ်တွင်းက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မြို့တွင်းပိုင်းထိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်သွားခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်သံတွေ နေ့တိုင်းညတိုင်း ကြားနေရတဲ့ မြစ်ကြီးနားမြို့မှာတော့ အခုတလော ငြိမ်းသက်နေတယ်လို့ မြို့ကနေထွက်ခွာလာသူတွေထံကတစ်ဆင့် သိရပါတယ်။ နှစ်ဘက်တပ်တွေ ဆိုင်ထားဆဲဖြစ်တဲ့ ဝိုင်းမော်မြို့မှာတော့ တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့ အခြေအနေလို့ နာလည်းရပါတယ်။
မတ်လ ၇ ရက်ကတည်းက စတင်ခဲ့တဲ့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက စစ်ဆင်ရေးဟာ တဖြည်းဖြည်း ပြည်နယ်ရဲ့ မြို့ကြီးပိုင်းတွေအထိ စိမ့်ဝင်လာနေပြီဖြစ်ပြီး ဗန်းမော်မြို့နဲ့ ၇ မိုင်သာဝေးတဲ့ မိုးမောက်မြို့ကို KIA ဘက်က အပြီးသတ်သိမ်းပိုက်သွားမယ်ဆိုရင် စကခ – ၂၁ ရုံးစိုက်တဲ့ ဗန်းမော်မြို့ကိုလည်း KIA ဘက်က စစ်ရေးအသာစီး ရရှိလာမှာ ဖြစ်ပါတယ်။
ဗန်းမော်မြို့ကိုသာ ထိန်းချုပ်ပြီးရင်တော့ ကချင်ပြည်နယ်ရဲ့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း တစ်ခုလုံးနီးပါဟာ KIA ရဲ့ စိုးမိုးနိုင်မှုအောက်ကို ရောက်ရှိသွားမှာဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကိုလည်း အရှိန်အဟုန်နဲ့ တွန်းပို့ပေးနိုင်မယ့် အနေအထားလို့ သုံးသပ်ရပါတယ်။