မိုးမိတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့များတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများ သိမ်းဆည်းဖမ်းမိ
–
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့များတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်၏ အဝေးကင်းစခန်းတစ်ခုကို သိမ်းပိုက်ခဲ့သလို လက်နက်ခဲယမ်း (၇၀) ကျော်သိမ်းဆည်းရမိသည့်အပြင် စစ်သုံ့ပန်း (၂၀) ဦး ဖမ်းဆီးရမိကြောင်း TNLA က ယနေ့ သတင်းထုတ်ပြန်ထားသည်။
မိုးမိတ်ဗျူဟာကုန်းအား ယနေ့ညနေ ၅ နာရီခွဲအချိန်မှာ တအာင်းတပ်မတော် TNLA က စစ်ဆင်ရေးပြုလုပ် တိုက်ခိုက်နေကြောင်း သိရှိရသည်။
ကျောက်မဲမြို့ရှိ ခမရ (၅၀၂) စစ်ကောင်စီတပ်စခန်းမှလည်း မန်အောင်ဘုန်းကြီးကျောင်းဘက်ကို ယနေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီမှ ၁၂ နာရီအထိ ဟောဝှစ်ဇာလက်နက်ကြီး အလုံး (၃၀) ပစ်ခတ်တိုက်ခိုက်ကြောင်း ဖော်ပြထားသည်။
ယနေ့ညနေ ၅ နာရီခွဲအချိန်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ရှင်းလင်းရာတွင် သေနတ် (၁၁) လက်ရရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် နောင်ချိုမြို့နယ် ရေဖြူရွာ ဘုန်းကြီးကျောင်းမှ စစ်ကောင်စီတပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး၊ TNLA က နောင်ချိုမြို့နှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ပြီးနောက် မိုးမိတ်မြို့နှင့် ကျောက်မဲမြို့ကို ထံမံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသည်။