န်းမော်မြို့အနီးဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ခုခံနေ
–
ဗန်းမော်မြို့အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး မြို့အဝင်အထွက်လမ်းများ ပိတ်ဆို့နေကြောင်း သိရှိရသည်။
ဇူလိုင် ၂၅ ရက်နေ့မှစတင်ပြီး KIA နှင့် ပူးပေါင်းအဖွဲ့သည် ဗန်းမော်တက္ကသိုလ် အနောက်ဘက်ခြမ်းရှိ တာမိုင်းလုံး၊ မိုးဖိန်း၊ ရွှေစည်၊ သာစည်၊ နန့်လှိုင် စသည့်ကျေးရွာတစ်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ခုခံနေကြောင်း ဗန်းမော်ဒေသခံထံမှ သိရှိရသည်။
“တာမိုင်းလုံ၊ မိုးဖိန်း၊ ရွှေစည်၊ သာစည် အဲ့တကြောကရွာတွေ အကုန်စစ်ရှောင်နေရပြီ။ စစ်တပ်ကလေယာဉ်နဲ့ရော လက်နက်ကြီးတွေနဲ့ရော ပစ်တာလေ”ဟု ဆိုသည်။
ဗန်းမော် – ရွှေကူကားလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားကြောင်း သိရပါသည်။ ထို့အပြင် စစ်ကောင်စီသင်္ဘောများ မန္တလေးမှ ဆန်တက်လာသည့်သတင်းကြောင့် ရေလမ်းကြောင်းလည်း ပိတ်ပင်မည့်သတင်းများ ထွက်ပေါ်နေသည်ဟုလည်း ဆိုသည်။
“ခုကရေလမ်းပိတ်မယ် ကြားတယ်တဲ့။ ရေလမ်းက ထွက်လာတုန်းကအထိ ရသေးတယ်။ (စစ်ကောင်စီ) သင်္ဘောတွေလည်း တက်သွားတယ်လေ။ အဲ့တာကြောင့် ရေလမ်းပိတ်မယ်ထင်တယ်။”ဟု သတင်းရင်းမြစ်က ပြောသည်။
မံစီသွားလမ်း ဗန်းမော်မြို့နယ် ကောင်ဂျာယန်ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး ဗန်းမော် – မိုးမောက်မြို့ကြား လမ်းမပေါ်တွင်လည်း ခမရ (၄၃၇) စခန်းသိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း သိရှိရသည်။