လားရှိုးအခြေစိုက် ခလရ ၆၈ အား အပြီးသတ်သိမ်းပိုက်ကြောင်း BPLA ထုတ်ပြန်၊ အကျဉ်းထောင်ပွင့်သွားသည်ဟုဆို
–
တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ လားရှိုးအခြေစိုက် ခလရ (၆၈) စစ်ကောင်စီတပ်ရင်းအား ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) က ယနေ့ ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် စစ်ကား ၁၀ စီးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တိုက်ပွဲများဆက်ဖြစ်နေသည့် လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စွဲထားသည့် လားရှိုးမြို့ ရပ်ကွက် (၁၂) ရှိ အကျဉ်းထောင်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အကျဉ်းထောင်ပွင့်ကာ အကျဉ်းသားအချို့ လွတ်မြောက်သွားသည့် သတင်းကိုလည်း သိရသည်။
အကျဉ်းထောင်ပွင့်သည့်သတင်းကို လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရား ဆက်ခံလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည့် MNDAA က တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိသေးပေ။