ကချင်ပြည်နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေချိန်မှာ စစ်ကောင်စီရဲ့ e-Government အစည်းအဝေး ကျင်းပ
–
ကချင်ပြည်နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေချိန်မှာ စစ်ကောင်စီရဲ့ e-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက Video Conferencing စနစ်နဲ့ တက်ရောက်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်တစ်ခုလုံးနီးပါ ဖုန်းလိုင်းအပြင် အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ တစ်ပတ်ရှိလာနေတဲ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ e-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စစ်ကောင်စီဥက္ကဌ မိန့်ခွန်ပြောကြားကြောင်း သတင်းထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် သာမက စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာလည်း ဇူလိုင် ၂၁ ရက်နေ့ကနေ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြစ်ကြီးနားမြို့ စစ်ကောင်စီပြည်နယ် စုပေါင်းရုံးအနီးဝန်းကျင်မှာတော့ ဖုန်းလိုင်း ဆက်သွယ်ပြောဆိုနိုင်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
“ယခင်ကရေးဆွဲခဲ့သည့် e-Governance Master Plan (2016-2020) ကို ပြန်လည်ဆန်းစစ်ဖြည့်စွက် ပြင်ဆင်ပြီး “Myanmar e-Governance Master Plan 2030” ကို မူကြမ်းရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း” e-Government ဦးဆောင်ကော်မတီနာယက တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းက ပြောသွားပါတယ်။
ဒါ့အပြင် အရင် ဖုန်း၊ အင်တာနက်လိုင်းတွေ ဆက်သွယ်လို့ရနေတဲ့အချိန်တွေမှာလည်း လျှပ်စစ်မီးကို အလေ့ကျစနစ်နဲ့သာ ပြည်သူတွေက ရရှိနေကြတာ ဖြစ်ပါတယ်။