ကန့်ဘလူမှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ပြီး ပြည်သူ့နေအိမ်တွေကိုလည်း မီးရှို့ခဲ့
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သရက်ခေါင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချခဲ့လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နယ်မြေခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား စုစုပေါင်း ၁၂၀ လောက်ဟာ ကန့်ဘလူ (၆၀၀၆) တပ်ရင်းကနေ သရက်ခေါင်ရွာဘက်ကို စစ်ကြောင်းထိုးလာပြီး၊ ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့လို့ အသက် ၇၅ နှစ်အရွယ် ဒေါ်ဝိုင်းရှင်နဲ့ သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် ကိုသန့်ဇင် သေဆုံးခဲ့တဲ့အပြင် သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မသင်းသင်းမော် လည်း ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါ နယ်မြေခံ အမျိုးသမီးက ပြောပါတယ်။
တဆက်တည်းပဲ အဲ့ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်လောက်မှာ ဇီးကုန်းရွာကနေ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၆၀ နီးပါးဟာ သပြေသာရွာဘက်ကို ၆၀ မမနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၆၂ နှစ်အရွယ် ဦးသောင်းတင် သေဆုံးပြီး အသက် ၅၉ နှစ်အရွယ် ဦးအုံးမောင်နဲ့ အသက် ၅၇ နှစ်အရွယ် ဦးမောင်တို့ ထိခိုက်ခဲ့သေးတယ်လို့လည်း ပြောပါတယ်။
“ပြည်သူတွေက သူတို့အတွက် အရေးမကြီးဘူးလို့ တွေးလို့ဖြစ်မှာပါ။ အဲ့ရွာတွေထဲ (တော်လှန်ရေး) တလရအဖွဲ့တွေ နေတာမရှိဘူးလေ။ သူတို့က တမင်ကို ရွာတွေထဲ လက်နက်ကြီးပစ်၊ ဗုံးချလုပ်တာ ဘယ်သူသေသေဆိုတဲ့ သဘောပဲ။ စစ်ကြောင်းထိုးတော့ စစ်ရှောင်ဖို့ ပြင်နေကြတုန်း၊ ဗုံးသီးချခံရလို့ သေကြတာ။”လို့ နယ်မြေခံအမျိုးသမီးက ပြောပါတယ်။
ကန့်ဘလူ (၆၀၀၆) တပ်ကနေ အင်အား ၁၂၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ သရက်ခေါင်းရွာမှာ ညအိပ်ခဲ့ပြီး၊ ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ၎င်းရွာရဲ့ နေအိမ် ၇၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
အခုလက်ရှိ ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန်မှာတော့ ၎င်းစစ်ကြောင်းဟာ ရှမ်းတပ်ရွာအား ဝင်ရောက်မီးရှို့ခဲ့ပြီး နံနက် ၁၀ နာရီလောက်မှာတော့ မင်းကုန်းတောရကျောင်းဘက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။