စစ်ကောင်စီတပ်က ချောင်းကြီးကျေးရွာကို တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ပြုလုပ်ခဲ့
–
စစ်ရေးပစ်မှတ် မဟုတ်တဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ်များစွာ တိုက်ခိုက်ခဲ့တယ်လို့ ကင်းထောက်မြေပြင် သတင်းအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က ချောင်းကြီးကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို ဇူလိုင်လ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၇ ရက်တိုင်တိုင် လေကြောင်းနဲ့ အကြိမ် ၅၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကင်းထောက်မြေပြင်သတင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“၁၈ ရက်နေ့ကနေဆိုပါတော့၊ ၇ ရက် တိုင်တိုင်ကြဲတာ။ အဲ့ဒီနေ့ကတော့ ပြည်သူ ၇ ယောက်သေတယ်။ အခုတော့ ရွာခံတွေက တိမ်းရှောင်နေကြရပါတယ်။”
စစ်ကောင်စီတပ်တွေဟာ ချောင်းကြီးရွာကို Y-12 လေယာဉ်နဲ့ (၂၆) ကြိမ်၊ Mi-35 နဲ့ (၁၄) ကြိမ်၊ Jet Fighter နဲ့ (၁၁) ကြိမ် ကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် (၄၈) လုံး ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
ချောင်းကြီးကျေးရွာ စစ်ကောင်စီရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လကုန်လောက်က တိုက်ခိုက်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်လာတာကြောင့် ကျေးရွာပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ သပိတ်ကျင်းမြို့နယ်ထဲက အင်းနက်တာဝါတိုင်ကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို KIA၊ ABSDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားခဲ့ပြီး၊ ဇူလိုင်လ ၂၅ ရက်နေ့မှာလည်း တွင်းငယ် စစ်ကောင်စီရဲစခန်းကို ထပ်မံ သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။