ဗန်းမော်စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နန့်ဖားကျေးရွာတွင် အရပ်သား သေဆုံးမှုရှိ
–
ဗန်းမော်မြို့ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး နန့်ဖားကျေးရွာတွင် ကျရောက်ပေါက်ကွဲ၍ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ကစပြီး ဗန်းမော် စကခ (၂၁) မှ ဗန်းမော်မြို့ ပတ်ပတ်လည်နေရာများသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဗန်းမော်ဒေသခံတစ်ဦးက ဆိုသည်။
“အကြီးအကျယ်ပစ်နေတာ။ ပတ်ပတ်လည် လျှောက်ပစ်နေတာ လက်နက်ကြီးနဲ့၊ တိုက်ပွဲဖြစ်သလိုတော့ မဟုတ်ဘူး။”ဟု ဆိုသည်။
စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများသည် ဗန်းမော်တက္ကသိုလ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများနှင့် စင့်ကင်ကျေးရွာဘက်တွင်လည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
လက်နက်ကြီး ကျပေါက်ကွဲခဲ့သည့်အတွက် နန့်ဖားကျေးရွာမှ အသက် ၂၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး လက်နက်စ ထိမှန်သေဆုံးခဲ့သည်ဟုလည်း သိရှိရသည်။
ဗန်းမော်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသေးဟု ဒေသခံထံမှ သိရသော်လည်း ဗန်းမော်နဲ့ မိုးမောက်မြို့ လမ်းပေါ်ရှိ ခမရ (၄၃၇) ကိုမူ ယနေ့နံနက်ကစပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။