မိုးမောက်နဲ့ ဗန်းမော်မြို့အတွက် အရေးပါတဲ့ ခမရ (၄၃၇) တပ်ကို သိမ်းပိုက်နိုင်ဖို့ KIA ပူးပေါင်းတပ် စတင်နေ
–
မိုးမောက်နဲ့ ဗန်းမော်မြို့အတွက် အရေးပါတဲ့ ခမရ (၄၃၇) တပ်ကို ဒီကနေ့မနက်ကစပြီး KIA ပူးပေါင်းအဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင်နေပြီလို့ သိရှိရပါတယ်။
“ဗန်းမော်မှာ ပွဲစနေပြီ။ ၄၃၇ ကို တိုက်တာ”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
မေလ ၇ ရက်နေ့ကစပြီး မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) ကို စတင်တိုက်ခိုက်ခဲ့ရာက မိုးမောက်နဲ့ ဗန်းမော်မြို့ကြား၊ ဗန်းမော်နယ်မြေအတွင်းမှာရှိတဲ့ ၅ မိုင်၊ ၆ မိုင် စတဲ့နေရာတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်ခဲ့တာ ဖြစ်ပါတယ်။
မိုးမောက်မြို့ကို မေလကတည်းက ထိန်းချုပ်လိုက်နိုင်ပေမယ့် မြို့အထွက် မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက မြို့စောင့်တပ်ဟာ ဗန်းမော်မြို့နဲ့ တစ်ဆက်တစ်စပ် တည်ရှိနေတဲ့အတွက် တိုက်ပွဲဟာ ဗန်းမော်မြို့နားထိ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။
KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ခမရ (၄၃၇) ကို တိုက်ခိုက်နေကြောင်း အတည်ပြုပြောဆိုပြီး အသေးစိတ် အချက်အလက်ကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရှိရသေးဘူးလို့ ပြောဆိုထားကြောင်း သိရပါတယ်။
ကချင်ပြည်နယ်မှာ ယခုလက်ရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်ရှိနေပြီဖြစ်ပြီး၊ မြေပြင်သတင်းတွေကို သိရှိနိုင်ရန် ခက်ခဲနေတာ ဖြစ်ပါတယ်။