မန္တလေးတိုင်း မိုးကုတ်မြို့တစ်ခုလုံးကို TNLA နဲ့ ပူးပေါင်းတပ်တို့ အပြီးသိမ်းပိုက်
–
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ခြမ်းကို ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLAက အတည်ပြု ထုတ်ပြန်ထားပါတယ်။
“၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၀)ရက်မြောက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းခဲ့ပြီး၊ မိုးမိတ်နှင့် နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား”လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့အား TNLA နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂၅ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မှာ မိုးကုတ်အနောက်ခြမ်းကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ထို့နောက် ဇွန်လ ၃၀ မှစတင်ကာ မိုးကုတ်အရှေ့ခြမ်းကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ မိုးကုတ်အရှေ့ခြမ်းကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
တစ်လကြာ တိုက်ခိုက်ပြီးနောက် TNLA နဲ့ ပူးပေါင်းတပ်တွေက မိုးကုတ်တစ်မြို့လုံးကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်းတွင် စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်တွေက ဇူလိုင်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မိုးကုတ်မြို့ဟာ မန္တလေးတိုင်းမှ ဒုတိယမြောက် သိမ်းပိုက်နိုင်တဲ့ မြို့ဖြစ်လာခဲ့ပါတယ်။