လားရှိုးမှာ စကစ ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့အတူ တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံ အလင်းဝင်
–
ရှမ်းပြည်နယ်၊ လားရှိုးမြို့တိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး အပါအဝင် တပ်သား ၃၁၇ ဦး ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ MNDAA ထံသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
MNDAA (ကိုးကန့်) အဖွဲ့ရဲ့ သတင်းတွေကို ထုတ်ပြန်နေတဲ့ The Kokang Facebook page ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
MNDAA ရဲ့ နိုင်ငံရေးဌာန ရှေ့တန်းလုပ်ငန်းအဖွဲ့က လက်နက်ချအလင်းဝင်လာသူတွေကို လက်ခံတွေ့ဆုံခဲ့ပြီး စစ်သုံ့ပန်းများနဲ့ ဆန္ဒအလျောက် အလင်းဝင်လာသူတွေကို ဦးစားပေးဆက်ဆံခြင်းအတွက် MNDAA တပ်ဖွဲ့ရဲ့ ဆုလာဘ်မူဝါဒကို အကောင်ထည်ဖော်ခဲ့တဲ့အတွက် လားရှိုးတဝိုက်က စစ်ကောင်စီတပ်တွေဟာ မဟာမိတ်တပ်များထံသို့ လက်နက်ချအလင်းဝင်ခဲ့တယ်လို့ The Kokang မှာ ဖော်ပြထားပါတယ်။
လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီစစ်သားတွေက အာဏာသိမ်း စစ်ကောင်စီတပ်ကို တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့မှာ ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့လို့ MNDAA နိုင်ငံရေးဌာနရဲ့ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်နက်ချအလင်းဝင်လာသူတွေကို လက်ခံခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
MNDAA ရဲ့ နိုင်ငံရေးဌာန/စည်းရုံးရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ချီကွမ်းရွှင့်က လက်နက်ချမှုနဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်လိုတဲ့ဆန္ဒကို ကြိုဆိုခဲ့ပြီး၊ လူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံမှုကို အာမခံချက်ပေးထားတယ်လို့လည်း ဆိုပါတယ်။