စဉ့်ကူးမြို့သည် မန္တလေးတိုင်းထဲက ပထမဆုံး တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ရရှိသည့် မြို့ဖြစ်လာ
–
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်တွေဟာ စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ယမန်နေ့ ထုတ်ပြန်သည်။
ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီးတော့ ၁၇ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့၍ စဉ့်ကူးမြို့သည် မန္တလေးတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့တပ်ဖွဲ့တို့က ပထမဆုံး သိမ်းပိုက်ထားနိုင်ခဲ့သည့် မြို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီစစ်သား သုံ့ပန်းအများအပြားနှင့် လက်နက်ခဲယမ်းများရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်ကလည်း ထိုက်သင့်သော ပေးဆပ်မှုများ ရှိခဲ့သည်ဟု ပါရှိသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ နီးပါး အထိအခိုက်ရှိခဲ့ပြီး မြို့ထဲကနေအိမ်ပေါင်း ၁၀၀ နီးပါး ပျက်စီးကာ ယခုချိန်ထိတော့ မြို့ထဲပြန်ဝင်လာ၍ မရသေးကြောင်း စဉ့်ကူးမြို့ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ပြည်သူတွေတော့ နှစ်ဆယ်လောက် ထိခိုက်တာတွေ၊ သေဆုံးတာတွေ ရှိနိုင်တယ်။ အိမ်တွေကတော့ ၁၀၀ လောက်ပျက်စီးမယ်။ မြို့ထဲကပြည်သူတွေက အခုထိပြန်မဝင်သေးပါဘူး။ လေယာဉ်တွေလည်း ခဏခဏ လာနေသေးတော့လေ။ PDF တွေဘက်ကလည်း ပြန်မဝင်ခိုင်းသေးဘူး”ဟု ဆိုသည်
ထို့ပြင် စဉ့်ကူးမြို့နှင့် ၅ မိုင်ခန့်အကွာမှာရှိသော ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၅၀ ကျော်နေထိုင်သည့် ထုံးကြီးရွာ ပျူစောထီးစခန်းကိုလည်း ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ကြေင်းလည်း စဉ့်ကူးဒေသခံတစ်ဦးက ပြောပါသည်။
“မနေ့က (မွန်းလွဲ) ၂ နာရီမှာ အသံတွေ စကြားတာ။ အဲ့မှာ ပျူစောထီးက ၄၉ ယောက်နဲ့ စစ်သား ၈ ယောက်ရှိတာ။ သူတို့ဗိုလ်ကြီးကို အရင်ဖမ်းမိတော့ ကျန်တဲ့ပျူစောထီးတွေလည်း အကုန်အလံဖြူထောင်ပြီး အဖမ်းခံလိုက်ကြတာ။”ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၂ ခုနှင့် မြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီးနောက် စဉ့်ကူးမြို့သည် မန္တလေးတိုင်းထဲက ပထမဆုံး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာသည်။