ပြည်သူ့စစ်စခန်းအနီး ကတုတ်မြောင်းတူးသည်ကို ဗီယိုရိုက်ခဲ့သည့် KBC မှ သင်းအုပ်ဆရာတစ်ဦး ဖမ်းဆီးခံရ
–
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ဝူယန်ပြည်သူ့စစ်စခန်းအနီး ဘက်ဟိုးဖြင့် ကတုတ်ကျင်းတူးဖော်နေသည့် ဗီဒီယိုဖိုင်ကို ရိုက်ခဲ့သည့်အကြောင်းပြချက်ဖြင့် KBC မှ သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။
ပြည်သူ့စစ်စခန်းပတ်ပတ်လည် ကတုတ်မြောင်းတူးနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့သွားပြီး ယင်းဖြစ်စဉ်သတင်း ပြန့်နှံ့သွားပြီးနောက် ယမန်နေ့မွန်းတည့်အချိန်တွင် Rev. မဒိန်ခေါဘောမ်ကို လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံထံမှတစ်ဆင့် သိရှိရသည်။
“စကစနဲ့ ပြည်သူ့စစ်တွေက လိုင်းပေါ်တက်လာလို့ လိုက်မေးကြည့်တာ။ လိုက်မေးတဲ့အချိန်မှာ ဆရာက အိမ်မှာရှိနေတဲ့အချိန်မှာ ဆရာ့ကိုလာမေးတာတဲ့ မင်းရိုက်တာလားဆိုပြီး ဟုတ်တယ်။ ငါရိုက်တာပေါ့။ (ဗီဒီယိုကို) သူတို့ဂရုထဲမှာ တင်လိုက်တာ။ (group ထဲက) တစ်ယောက်က မီဒီယာကို ပေးလိုက်လို့ မီဒီယာပေါ်မှာ တက်လာလို့ ဖမ်းသွားတာလို့ ပြောတယ်။”
ဗီဒီယိုရိုက်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမှာ အဓိပ္ပာယ်မရှိသော လုပ်ရပ်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အဲ့တာဖမ်းသွားတာ အဓိပ္ပာယ်တော့ မရှိဘူး။ အများပြည်သူ ဧရိယာမှာ ဓာတ်ပုံရိုက်တာနဲ့ ဖမ်းတယ်ဆိုတာ သိပ်တော့မဆိုင်ဘူး။”ဟု ပြောသည်။
ဖမ်းဆီးခံရသည့် Rev. ခေါဘောမ် သည် လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးသည့်အပြင် ၎င်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း သိရှိရသည်။
ဝိုင်းမော်မြို့နယ်တွင် မတ်လကတည်းကစပြီး စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်က ဝိုင်းမော်မြို့အထွက်ရှိ ရွှေညောင်ပင် ခမရ (၃၂၁) စခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီးနောက်ပိုင်း ကျန်ရှိနေသည့် ခလရ (၅၈) တပ်နှင့် ဝူယန်စစ်စခန်းပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက လုံခြုံရေးကို စစ်ဆေးတင်းကြပ် လုပ်ဆောင်နေကြောင်း သိရှိရသည်။