စဉ့်ကူးမြို့တွင်း တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုပြင်းထန် မီးလောင်ပျက်စီးနေ၊ ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေရ
–
မန္တလေးတိုင်း၊ စဉ့်ကူးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို မြို့ထဲရပ်ကွက်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဇူလိုင်လ (၁၄) ရက်နေ့ မနက်ပိုင်းမှ စတင်ကာ မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အလုံးအရင်းနဲ့ ပြုလုပ်နေခဲ့တယ်လို့ စဉ့်ကူးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“လေယာဉ်တွေက မပြန်တော့တာလား၊ အဆက်မပြတ်လာနေတာလား မသဲကွဲတော့ဘူး။ ဝီး ဝူး အုံး။ ဝီး အုံး။ အသံမစဲတဲ့ သံစုံတီးဝိုင်းကြီးဖြစ်နေပြီ။ အရမ်းကြောက်ဖို့ကောင်းတဲ့ အသံဆိုးကြီးတွေ မစဲအောင် ကြားနေရ၊ မြင်နေရတယ်။ မြို့လည်း ကုန်းကောက်စရာမရှိတော့လောက်အောင် ဖြစ်ပြီ။ အိမ်နဲ့ဆိုင်တွေလည်း အကုန်ဖောက်ခိုး ယူချင်တာအကုန်ယူ။ မြို့ထဲကနေ အကုန်ထွက်ပြေးနေရတော့ သူတို့ချင်းသူတို့ ဖြစ်နေတာ။ လက်နက်ကြီးထိသူတွေလည်း သေသူတွေသေ၊ သွေးထွက်လွန်သူကလွန် လမ်းတွေပိတ်ထားတော့ မန္တလေးဆေးရုံကြီးလည်း ပို့မရ။ မြို့နယ်ဆေးရုံမှာလည်း တစ်ယောက်မှမရှိတော့ ဒီအတိုင်းထားနေရတယ်တဲ့ဗျာ။ နေအိမ်တွေပေါ်လည်းကျ ပြိုတဲ့တိုက်တွေပြို။ ကျွန်တော်တို့အိမ်မှာ လာနေတဲ့စစ်ရှောင်မိသားစု အိမ်လေးလည်း လက်နက်ကြီးကျလို့ ဖွာလန်ကျဲသွားပြီ”လို့ ပြောပါတယ်။
မြို့နေပြည်သူ ၁ သောင်းကျော်လောက်ကလည်း စစ်ဘေးရှောင်နေကြရတယ်လို့လည်း မြို့ပေါ်ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
“လောလောဆယ်တော့ ၃ ပုံ ၂ ပုံလောက် ရှောင်နေကြတယ်။ မြို့ပြင်ရပ်ကွက်သစ်ဘက်မှာ နေတဲ့လူတွေ ကျန်သေးတယ်။ အတိအကျတော့ မသိဘူးဗျ။ မနေ့ကတော့ PDF တွေဘက်က အကုန်ရှောင်ခိုင်းထားလို့ ထွက်လာတဲ့သူတွေတော့ များနေပြီ။ လောလောဆယ်တော့ လွတ်ရာမှာ အကုန်ရှောင်နေကြတယ်။ လေယောဉ်တွေက အဆက်မပြတ်ချနေတော့ အသေအပျောက်ကတော့ ရှိတယ်ကြားပေမဲ့ အတိအကျတော့ မသိရဘူး။ မြို့ထဲလည်း ပြန်ဝင်လို့မရသေးဘူး။”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
စဉ့်ကူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ်စခန်း (၁၁) ခု သိမ်းထားနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သုံ့ပန်းတချို့ ဖမ်းဆီးထားကြောင်း သိရပါတယ်။