ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာ တိုက်ပွဲပြန်ဖြစ်
–
ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာ မနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ KIA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးက KIA ပူးပေါင်းအဖွဲ့နဲ့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“KIA ဘက်က သူတို့ဘက်ကိုကပ်တာနဲ့ လှမ်းပစ်တဲ့ ပုံစံမျိုးပေါ့ဗျ။ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အနေအထားပေါ့။ မြေပြင်တိုက်ပွဲမှာလည်း ပစ်ခတ်မှုတော့ရှိမယ်။”
မစ်ဇိုင်းဒုံး အပါအဝင် ဗန်းမော် စကခ ၂၁ နဲ့ ဆေးတပ် ထောက်ပို့တပ်ကနေ တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
“လောလောဆယ်ထိလည်း ပစ်ခတ်နေဆဲလို့ ပြောတယ်။ ဗန်းမော်ဘက်က စကခ ၂၁ တို့ ဆေးတပ်တို့ ထောက်ပို့တို့ ဘက်ကနေ လက်နက်ကြီး တောက်လျှောက် ပြန်ကူထုပေးနေတယ်။ သံချပ်ကာတွေသုံးပြီးမှ စစ်တပ်ဘက်က ပစ်ခတ်နေတာမျိုးရှိတယ်။ လက်နက်ကြီးတွေရော၊ သံချပ်ကာတွေရော အခုလက်ရှိရော တောက်လျှောက် ပစ်နေသေးတယ် ပြောတယ်။”
မနေ့ညကလည်း ဗန်းမော် စကခ ၂၁ ဘက်ကနေ လက်နက်ကြီး၊ ငယ် ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့သေးတယ်လို့ မြို့နေပြည်သူတွေ ထံကတစ်ဆင့် သိရှိရပါတယ်။