ဒီပဲယင်းမြို့ မြန်မာ့စီးပွားရေးဘဏ်အနီး ကင်းပတ်လာသည့် စစ်ကောင်စီစစ်သားများ တိုက်ခိုက်ခံပြီး ၃ ဦးသေဆုံး
–
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ မြန်မာ့စီးပွားရေးဘဏ်အနီး၌ ကင်းပတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၁ ဦးဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သေနတ် ၂ လက်ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း စုစုပေါင်း ၄ ဦးသည် စီးပွားရေးဘဏ်အနီးရှိ ဘန်ကာကတုတ်မှ ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့တို့က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းတာဝန်ခံတစ်ဦးက ပြောသည်။
“သူက ဘန်ကာထဲကနေ ပုံမှန်ကင်းထွက်နေကြပေါ့နော်။ ပုံမှန် ၄ ကောင် ၅ ကောင် ထွက်နေကြဟာကို ကျွန်တော်တို့က စောင့်ပြီးတော့ တိုက်ခိုက်ခဲ့တာပေါ့။”ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီးတစ်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကာ ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးထဲမှ တစ်ဦးလည်း သေဆုံးသွားသည်ဟု ပြောသည်။
တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ADPRA တပ်ရင်း ၃၀၊ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်နယ် ၁၊ ၂၊ ၃ ရေဦးမြို့နယ် ပကဖ (Galaxy Force)၊ ရေဦးမြို့နယ် ပကဖ (ဖီးနစ်တပ်ခွဲ)၊ ရန်ကြီးအောင် Local PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။