ABSDF နှင့် NUG ကျန်းမာရေး ဝန်ကြီးဌာနတို့ ဖွင့်လှစ်သော ရပ်ရွာအခြေပြု အခြေခံဆေးပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့
–
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် (၂) စစ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနတို့က မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်၊ ABSDF လှုပ်ရှားနယ်မြေတွင် ဒေသခံပြည်သူလူထု၏ အထောက်အပံ့ဖြင့် ၎င်းဒေသရှိ လူငယ်များကို အခြေခံဆေးပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့သည့် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံဆေးပညာ သင်တန်းတွင် နီးစပ်ရာ ကျေးရွာများမှ သတ်မှတ်ပညာအရည်အချင်းနှင့် ကိုက်ညီသော အမျိုးသမီးလူငယ် (၂၆) ယောက်နှင့် အမျိုးသားလူငယ် (၁၁) ယောက်တို့ကို (၃) လကြာ သင်ကြားပေးခဲ့ပြီး ဇူလိုင်လ (၁၀) ရက်နေ့၌ သင်တန်းဆင်းနိုင်ခဲ့သည်ဟု ABSDF အမှတ် (၂) စစ်ကြောင်းမှ ရဲဘော်အာကာ က ပြောသည်။
သင်တန်းဆင်းပွဲတွင် ABSDF ဒုဥက္ကဌ ရဲဘော်လှဆိုင်း က “ဆေးဆရာဆိုတာ စေတနာ၊ မေတ္တာ၊ ဂရုဏာထားတယ်။ အနစ်နာလည်း ခံရတယ်။ ဒီအချိန်မှာ အနစ်နာခံတာက ပိုအရေးကြီးတယ်။ တော်လှန်ရေး ကာလဖြစ်တဲ့အတွက်လည်း ဘာရမလဲဆိုတာထက် ဘာပေးဆပ်ရမလဲ၊ ဘာလုပ်ပေးရမလဲ”ဆိုပြီး ပြောကြားသွားသည်ဟု ရဲဘော်အာကာ က ဆိုသည်။
ဆေးပညာသင်ကြားပေးသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာမျိုးကြီးကလည်း ဆေးပညာကို အခြေခံမှာရပ်မနေပဲ ဆက်လက်ပြီးတော့ ဒီထက်ပိုအဆင့်မြင့်သော ဆေးပညာများကို လေ့လာဆည်းပူးကြဖို့ ပြောဆိုခဲ့သည်ဟုလည်း ပြောသည်။
လက်ရှိကာလတွင် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်များတွင် တော်လှန်ရေး တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိကရက်တစ်တပ်ဦး (ABSDF) လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။