တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို MDY-PDF ထုတ်ပြန်
–
စစ်ဆင်ရေးကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လိုက်နာရမဲ့ လမ်းညွန်ချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ဒီကနေ့ ဇူလိုင်လ ၁၅ ရက်မှာ အပိုင်း (၃) ပိုင်းခွဲပြီး ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲက ပထမပိုင်းတွင် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ စစ်ဆင်ရာမှာ တပ်ဖွဲ့ဝင်များ လိုက်နာရမယ့် စည်းကမ်းချက်များဆိုပြီး အရပ်သားပြည်သူများအား အနိုင်ကျင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူများရဲ့ ပိုင်ဆိုင်မှုများ သိမ်းယူခြင်း၊ စစ်မြေပြင်အတွင်းရှိ ယာဉ်များကို ခွင့်ပြုချက်မရပဲ သိမ်းဆည်းသုံးစွဲခြင်း၊ ပြည်သူပိုင်ယာဉ်များကို အသုံးပြုလိုပါက ခွင့်ပြုချက်တောင်းခံရန်နဲ့ တန်ရာတန်ကြေးပေးကာ အသုံးပြုခြင်း၊ စစ်ရေးလိုအပ်ချက်မှလွဲပြီး ပြည်သူပိုင်နေအိမ်များသို့ ဝင်ရောက်နေထိုင်ခြင်းနဲ့ နေအိမ်၊ ရုံးများမှ ပစ္စည်းတွေကို ယူဆောင်ခြင်း မပြုရကြရန်၊ ပြည်သူများ စစ်ရှောင်လာပါက အန္တရာယ်ကင်းတဲ့လမ်းကို ဖွင့်ပေးရန်နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာပါက ထိထိရောက်ရောက် အရေးယူခံရမယ်လို့ ပါဝင်ပါတယ်။
ဒုတိယပိုင်း ထုတ်ပြန်ချက်မှာ ပြည်သူ့ဆက်ဆံရေး လမ်းညွှန်ချက်များဆိုပြီး တပ်ဖွဲ့ဝင်များအနေနဲ့ ဘယ်နေရာဒေသမှာ တာဝန်ထမ်းဆောင်တာဖြစ်စေ ပြည်သူ့ တပ်မတော်သား တစ်ယောက်၏ ဂုဏ်သိက္ခာနဲ့အညီ ပြောဆို၊ နေထိုင်၊ ဝတ်ဆင်ရန်၊ ပြည်သူလူထု အထင်လွှဲမှားစေမယ့် စကားများမဆိုရန်၊ ရပ်ရွာတွင်းနေထိုင်စဉ် သက်ဆိုင်ရာ တပ်မူးရဲ့အမိန့်ကို တိတိကျကျ လိုက်နာရန်၊ တပ်ဖွဲ့ရဲ့ နယ်မြေစိုးမိုးမှုရတဲ့ နေရာမှာ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက ချမှတ်ထားတဲ့ အရပ်ဘက်အုပ်ချုပ်ရေး စည်းကမ်းချက်တွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရန်၊ စခန်းသိမ်း၊ မြို့သိမ်းပြီးရင် သိမ်းဆည်းရမိတဲ့ ရွှေ၊ ငွေ၊ လက်နက်၊ ခဲယမ်း၊ ယာဉ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းသို့ အပ်နှံရန်၊ မိမိအခြေပြု တပ်စွဲထားတဲ့နေရာမှာ အခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းမပြုရနဲ့ သတ်မှတ်ခွင့်ပြုထားသူမှအပ တပ်ဖွဲ့ဝင်များက သတင်းမီဒီယာတွေကို အင်တာဗျူးဖြေဆိုခြင်းမပြုရ စတဲ့အချက်တွေ ပါဝင်တာကို တွေ့ရပါတယ်။
တတိယပိုင်း ဖော်ပြချက်မှာတော့ အရေးပေါ်အခြေအနေမှာ တော်လှန်ရေး ရဲဘော်တွေ လိုက်နာရမယ့် လမ်းညွှန်ချက်တွေဖြစ်တဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုခံရစဉ် လုပ်ဆောင်ရမယ့် နည်းလမ်းများ၊ တိုက်ပွဲကာကအတွင်း ချမှတ်ထားတဲ့ စစ်ရေးအစီအမံအတိုင်း တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်ရန် အရာရှိများမှ အထူးကြပ်မတ် ဆောင်ရွက်ရန်၊ ဓာတုအဆိပ်ဗုံး၊ မီးလောင်ဗုံး အန္တရာယ်ကြုံလာပါက ဆေးကုသရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အတိုင်း လိုက်နာရန်နဲ့ တိုက်ပွဲဖြစ်ပွားနေစဉ် အရပ်သား၊ ပြည်သူများ၊ သုံ့ပန်းများနဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးကြေညာစာတမ်း၊ ဂျနီဗာကွန်ဗန်းရှင်းပါ အချက်များနဲ့ ပြည်သူ့ကာကွယ်ရေး (မန္တလေး) က ချမှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာရန် စတဲ့အချက်များ ပါဝင်ပါတယ်။
၁၀၂၇ ဒုတိယပိုင်း (ရှမ်းမန်းစစ်ဆင်ရေး) စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဒီနေ့အချိန်ထိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။