ကရင် တော်လှန်ရေး အစပိုင်းတွင် ကချင်တပ်များ ပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်။ အပိုင်း (၂)
–
၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီး အုပ်စုဖွဲ့သောနိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ အမှန်မှာ နိုင်ငံရေး အဖွဲ့အစည်းများသည် လွတ်လပ်ရေး မရခင်ကတည်းက ရှိနေပြီးသားဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသော အုပ်စုများမှာ (၁) ဗမာပြည်ကွန်မြူနစ်ပါတီ၊ (၂) ရဲဘော်ဖြူ၊ (၃) အလံနီ၊ (၄) ကေအန်ဒီအို၊ (၅) အေအမ်ဒီအို များ ထင်ပေါ်ကျော်ကြားလာသည်။ ၎င်းတို့ထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ရဲဘော်ဖြူတို့သည် ဖဆပလ အစိုးရကို မကျေနပ် (ထိုင်ခုံလုကြသည်)။ ထို့ကြောင့် ကွန်မြူနစ်ပါတီနှင့် ရဲဘော်ဖြူတို့ ဦးစွာတောခိုကြသည်။ ဖဆပလ အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင် တော်လှန်ပုန်ကန် ကြသည်။
ဂျပန်ခေတ် (ဝါ) ဒုတိယ ကမ္ဘာစစ်ပြီးဆုံးပြီးနောက် မြန်မာပြည်လွတ်လပ်ရေးမရခင် အစိုးရက မြန်မာနိုင်ငံအတွက် စစ်တပ်များ ဖွဲ့စည်းပေးခဲ့သည်။ မြန်မာပြည် ကာကွယ်ရေးတပ်များကို အောက်ပါအတိုင်း ဖွဲ့စည်းထားခဲ့သည်။ ဗမာအမျိုးသား သတ်သတ်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်း (BURMA RIFLE) (၁)၊ ဗမာ့သေနတ်ကိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆၊ တို့ဖြစ်သည်။ ဗမာ့သေနတ်ကိုင်တပ်ရင်း (၂) (SECOND BURMA RIFLE) သည် ဗမာ့သေနတ်ကိုင်တပ်ရင်း ဟုခေါ်သော်လည်း ၎င်းတပ်ထဲတွင် ကချင်၊ ချင်း၊ ကရင် များသာရှိ၍ ဗမာအမျိုးသား လုံးဝ မပါဝင်ချေ။ ၎င်းတပ်ရင်းသည် ကုလားပြည် (IDIA) သို့ ဒုတိယ ကမ္ဘာစစ်အတွင်း ရောက်သွားသောတပ် ဖြစ်သည်။ (CHIN DIT FORCE) ခြင်္သေ့တပ်ဟုခေါ်သော (GENERAL WINGATE) ၏ တပ်ဖြစ်သည်။ ထိုတပ်ထဲတွင် အင်္ဂလိပ် စစ်သား၊ ဂေါ်ရခါး စစ်သား၊ အာဖရိကန် စစ်သားများလည်း ရောနှောပါဝင်သေးသည်။
(SECOND BURMA RIFLE) တပ်၏ တာဝန်မှာ (GEN: WINGATE) ၏ တပ်များကို လမ်းပြထောက်လှမ်းရေး လုပ်ငန်းများလုပ်ရန် ဖြစ်သည်။ လူမျိုးစုများကိုလည်း ကရင်သေနတ်ကိုင်တပ်ရင်း (KAREN RIFLE) (၁၊ ၂၊ ၃)၊ ကချင်သေနတ်ကိုင်တပ်ရင်း (KACHIN RIFLE) (၁၊ ၂၊ ၃)၊ ချင်းသေနတ်ကိုင်တပ်ရင်း (CHIN RIFLE) (၁၊ ၂) (CHIN HILL BATTALION) ဆိုပြီး ဖွဲ့စည်း ထားသည်။
ထို့နောက် ဗမာသေနတ်ကိုင်တပ်ရင်းများ တောခိုသည်။ ထိုတပ်ရင်းများမှာ (FIRST BURMA RIFLE, THIRD BURMA RIFLE, SIXTH BURMA RIFLE) အချို့ (UMPGT) တပ်၊ အခြားတပ်များ အနည်းငယ်ပါဝင်သည်။ (FOURTH BURMA RIFLE) နေဝင်း ကိုင်သော တပ်ရင်းသည် တောခိုခြင်းမရှိ၊ ၎င်းတို့ တောခိုရန် ပထမ စည်းဝေးသောအခါ ဗိုလ်နေဝင်း ကိုယ်တိုင်ပါဝင်ရန် ဖြစ်သော်လည်း နောက်မည်ကဲ့သို့ စိတ်ပြောင်းလဲသွားသည် မသိရ၊ ပါဝင်ခြင်း မရှိပါ။ တောခိုရန်ပြဿနာကို ဗိုလ်နေဝင်း အားလုံးသိသည်၊ သို့သော် အစိုးရအဖွဲ့အစည်းကို အသိမပေးပါ။
၎င်းတောခိုသွားသော တပ်များကို တိုက်ရန်အတွက် နယ်မြေခွဲပြီး စစ်ဆင်းရေးလုပ်တော့သည်။ (SECOND KACHIN) နှင့် (SECOND KAREN) တပ်များအား ပြည်မြို့နယ်ကို တာဝန်ပေးသည်။ (SECOND KACHIN) မင်္ဂလာဒုံမှ သာယာဝတီသို့ (SECOND KAREN) မိတ္ထီလာမှ ရေနံချောင်း၊ အာလံ၊ ပြည်မြို့သို့ ဦးတည် တိုက်ခိုင်းသည်။ ထိုးစစ်ကို (SECOND KACHIN) နှင့် (SECOND KAREN) ညှပ်ပြီး ပြည်မြို့ကို ကွန်မြူနစ်တပ်များ လက်မှ သိမ်းယူရန် ဖြစ်သည်။ (FIRST KACHIN RIFLE) သည် ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ကန်သာနယ်မြေများကို ထိုးစစ်ဆင်သည်။ (THIRD KAREN RIFLE) သည် စစ်ကိုင်းနယ် (FIRST KAREN) သည် တောင်ငူနယ် (SECOND BURMA RIFLE) သည် ညောင်လေးပင်နယ်မြေ (SECOND CHIN) သည် ပဲခူးနယ်မြေ၊ (FIRST CHIN RIFLE) သည် ရန်ကုန်မြို့လုံခြုံရေး ယူထားသည်။
မှတ်ချက်။ ထိုအချိန်တွင် ဗမာတပ်များ မြို့လုံခြုံရေး ဖြစ်သည်။ တောခို၍ ကျန်ရစ်ခဲ့သော တပ်ရင်း (၆) မှ တပ်သားများ ပဲခူးခရိုင်တွင် အနည်းငယ်လှုပ်ရှားမှုပေးသည်။
(FIRST KACHIN RIFLE) သည် ပျဉ်းမနားနယ်မြေကို တိုက်ခိုက်ရှင်းလင်းရန်အတွက် မေမြို့၊ ပျဉ်းမနား၊ သာဝတ္တိသို့ပြောင်းလာပြီး သာဝတ္တိတွင် ရှေ့တန်းရုံးစိုက်ပြီး ၁၉၄၈ ခုနှစ်၊ ဧပြီလမှစပြီး ထိုးစစ်ဆင်တော့သည်။ ၎င်းထိုးစစ်တွင် (C-Coy/D-Coy) များကို အသုံးချသည်။ ထိုတပ်ခွဲ ၂ ခွဲကို တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း က စစ်ဆင်ရေးမှူးအဖြစ် အမြဲတာဝန်ယူသည်။ နောက်ပိုင်း လုံခြုံရေးကို (A-Coy) က တာဝန်ယူသည်။ ထိုအချိန်တွင် ကွန်မြူနစ်များ လှုပ်ရှားမှု သိသိသာသာ နည်းသွားသည်။ နယ်မြေအများစုကို ထိန်းချုပ်ပြီးဖြစ်သည်၊ သို့သော် တောင်တွင်းကြီး နယ်မြေ၌ လှုပ်ရှားမှု ရှိသေးသည်။ ထိုးနေရာသို့ (D-Coy) ကို တာဝန်ပေးသည်။ တောင်ညို၊ တင်ကုန်း ကို (C-Coy) မှ တာဝန်ယူတိုက်ခိုက်နေချိန် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလကုန်ခါနီး (ရက်အတိအကျ မမှတ်မိတော့) တပ်ရင်းမှ စာတစ်စောင် (C/D – Coy) တပ်ခွဲမှူးထံ ရောက်လာသည်။ ၎င်းစာထဲတွင် ကရင်သူပုန်ထပြီ၊ ဤစာရရှိပါက ချက်ချင်းတပ်ရင်းသို့ ပြန်လာရန် ပါရှိပါသည်။ ထိုစာကြောင့် တပ်ခေါက်လာပြီး သာယာဝတီသို့ ပြန်စုရုံးကြသည်။ တပ်ရင်းဌာနချုပ်သို့ ပြန်ရောက်လာသောအခါ နှစ်ရက်နားပြီး နောက်ထပ်ဗိုလ်များ စည်းဝေးကြသည်။
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဂေါင် က ပြောကြားသည်မှာ ယခုကျွန်တော်တို့ အစိုးရ လခစားသည့်အတွက် ကရင်ကိုတိုက်ရမည်၊ သို့သော် ကြည့်တတ်ရမည်ဟု ပြောသည်။ ဗိုလ်တွေဘာမှ မပြောကြ၊ ဗိုလ်ဇော်တူး (D-Coy) တပ်စုမှူးက မြွေကဲ့သို့ဉာဏ်ရှိပြီး ဂျိုး(ငှက်)ကဲ့သို့ လိမ္မာရမည်ဟု ပြောသောအခါ လူတိုင်းဝိုင်းရယ်ကြသည်။ ညနေပိုင်း (MESS) တွင် တပ်မှူးများ အနားယူသောအခန်း၌ ဘီယာ၊ ရမ်၊ သောက်ရင်း အချို့က ဗမာအစိုးရ မကောင်းကြောင်း ပြောကြသောအခါ ဗိုလ်ကြီးနော်ဆိုင်းနှင့် တပ်ရင်းမှူး အငြင်းအခုံ ဖြစ်လာသည်။ ဗိုလ်ကြီးနော်ဆိုင်း၏ အကြောင်းပြချက်က ယခုကွန်မြူနစ်ကို တိုက်လို့မပြီးခင် ကရင်ကိုပြန်တိုက်ရမည်ဆိုတော့ ကျွန်တော်တို့ တပ်အကူအညီ ဘယ်ကရမည်နည်း၊ အဓိပ္ပါယ်က အစိုးရမကောင်းလို့ လူတိုင်းမကျေနပ်သဖြင့် တော်လှန်ကြသည်။ သည်တော့တပ်ရင်းမှူးက “ဟေ့ နော်ဆိုင်း၊ ခင်ဗျား မလုပ်ချင်ရင် ထွက်ပါ”ဟု ပြောသောအခါ ဗိုလ်ကြီးနော်ဆိုင်း က “ထွက်ဖို့ပြောတာ မဟုတ်ဘူး”ဟု ပြန်ပြောသည်။
ထို့နောက်တွင် ညစာစားပြီးနောက် အုပ်စုဖွဲ့စကားပြောကြသည်။ ဗိုလ်ကြီးနော်ဆိုင်း ကို ထောက်ခံသောသူများသည် ရေတာရှည်၊ တောင်ငူဘက်သို့ ချီတက်ရန် အစီအစဉ်လုပ်ကြသည်။ တနေ့တွင် ဗိုလ်ကြီးနော်ဆိုင်း သည် ပျဉ်းမနားမြို့ထဲတွင် ဗမာအစိုးရတပ်များ ဖမ်းထားသော ကရင်အရပ်သားများဆီသွား၍ ကရင်အလံတစ်ခုနှင့် ကရင်ယောကျ်ားကလေး အသက် (၁၂) နှစ်အရွယ်ခန့်ရှိသူ တစ်ယောက်ကိုပါ ခေါ်ယူလာပြီး (C-Coy) ထမင်းချက်ရုံတွင် ဝှက်ထားသည်။ အဘယ်ကြောင့်ဆိုသော် တပ်ရင်းဌာနချုပ်တွင် သယ်ယူပို့ဆောင်ရေး၌ ဗမာတပ်သားများ ပါရှိသည်သာမက အခြားလူများ မသိအောင်လည်း ဖြစ်သည်။ တောင်ငူသို့ ဆင်းသည့်နံနက်တွင် ၎င်းကရင်ကလေးကို တပ်အပြင်ဘက် ၂ ဖာလုံရှိ ဆိုင်တစ်ဆိုင်တွင် သွားထားသည်။ ဗိုလ်ကြီးနော်ဆိုင်း (C-Coy) အရင်ချီတက်ရန် ဖြစ်သည်၊ မော်တော်ကား ထွက်ရန်တန်းစီထားသည်။ တပ်ရင်းမှူးက စစ်ဆေးကြည့်ရှုသည်။ ထို့နောက် ဗိုလ်ကြီးနော်ဆိုင်း က တပ်ရင်းမှူးကို အလေးပြုပြီး ဂျစ်ကားပေါ်သို့တက်ကာ ခရီးထွက်ခဲ့သည်။ ကရင်ကလေးကို ခရီးထွက်သွားရင်း ခေါ်ယူသွားသည်။ သူ၏ဂျစ်ကားသည် သူ၏ကိုယ်ရံတော်နှင့် စက်ကိုင်ရဲဘော် (၃) ယောက်နှင့်အတူရှေ့ဆုံးမှ ထွက်သွားသည်။
ထိုအချိန် ရေတာရှည်မြို့ကို ကရင်တပ်ရင်း (၁) မှ တပ်ခွဲတစ်ခွဲ နေရာယူထားချိန်ဖြစ်သည်။ ရေတာရှည်မြို့ ရောက်ခါနီးတွင် ဂျစ်ကားတွင် ကရင်အလံတစ်ဖက်နှင့် ကချင်အလံတစ်ဖက်တပ်ပြီး ကရင်တပ်ခွဲရှိရာသို့ ကားမောင်းသွားသည်။ သို့သော် သူ၏တပ်ခွဲတပ်သားများကို မြို့နှင့်နှစ်မိုင်ခန့်တွင် ထားခဲ့သည်။ ကရင်တပ်သားများသည် ကရင်အလံနှင့် ကချင်အလံ တပ်ဆင်ထားသော ဂျစ်ကားကိုတွေ့သောအခါ မပစ်ဘဲ ဝင်သွားစေသည်။ ဂိတ်ရောက်သောအခါ ဗိုလ်ကြီးနော်ဆိုင်းက ခင်ဗျားတို့ ဗိုလ်နှင့်တွေ့ချင်သည်ဟု ပြောသည်။ ဝှက်ပြီးခေါ်ဆောင်လာသည့် ကရင်ကလေးကို ကရင်လိုပြောခိုင်းသည်။ ထိုအခါ ကရင်တပ်ခွဲမှူးနှင့် စကားပြောပြီး ကျေးတောကရင်းတပ်ရင်းကို ဆက်သွား၍ ကရင်တပ်ရင်းမှူး စောမင်းမောင်နှင့် တွေ့ဆုံရန် စက်နှင့် အကြောင်းကြား ပေးသည်။
ထို့နောက် ဗိုလ်ကြီးနော်ဆိုင်းကို တပ်ရင်းမှူးရှိရာ ကျေးတောတပ်ရင်းဌာနချုပ်သို့ လိုက်ပို့သည်။ တပ်ရင်းဌာနချုပ်သို့ ရောက်သောအခါ တပ်ရင်းမှူးနှင့် အခြားကရင် လူကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ သဘောတူညီမှု ယူကြသည်။ ရေတာရှည်တွင်ချထားသော ကရင်တပ်ကိုရုပ်သိမ်းပြီး ကချင်တပ်ကို ရေတာရှည်မြို့တွင်နေခိုင်၍ ဆက်လက်လုပ်ရမည့် လုပ်ငန်းများ လက်တွဲလုပ်ဆောင်သွားရန် သဘောတူသဖြင့် ကရင်တပ်ကို နောက်ဆုတ်ခိုင်းပြီး ထိုညနေ ၆ နာရီခန့်တွင် ကချင်တပ်ရင်းသို့ စက်ဖြင့်အကြောင်းကြား ခေါ်လိုက်သည်။ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရုံးထိုင်မှူးနှင့် အခြားဗိုလ် (၃) ဦးတို့ ကျေးတောတပ်ရင်းဌာနချုပ်သို့ သွားရောက်ကာ ဆွေးနွေးကြသည်။ ည ၁၂ နာရီခန့်တွင် မိမိတပ်ရင်းသို့ ပြန်ရောက်သည်။ ထို့နောက် ဗိုလ်နော်ဆိုင်းနှင့် ဗိုလ်ဇော်မိုင်တို့နှင့်အတူ ရှေ့တန်းမှ ဗိုလ်၊ တပ်သားအားလုံး ဆွေးနွေးကြသည်။ “ကရင်ကို တိုက်ရမလား၊ မတိုက်ရဘူးလား”ဟု မေးကြည့်သောအခါ “မတိုက်ချင်ကြောင်းနှင့် အချို့က ဗမာကို ပြန်တိုက်ရန်” ပြောလာသည်။
===
အပိုင်း (၁) ကို ဖတ်ရန် Link:
===
တတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။
===
မှတ်ချက်။
ယခုဖော်ပြသော ဆောင်းပါးသည် “ဘန်လင်ဇော်တူး” ရေးသားပြီး “ရပ်ဝေးကချင်လူငယ်အသင်း (KACHIN YOUTH ASSOCIATION ABROAD – KYAA)” မှ ပုံနှိပ်ထုတ်ဝေးခဲ့သော စာစောင် (Booklet) ကို မူလအရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
အများသိသင့်သိထိုက်သော မှတ်တမ်းစာစောင်ဖြစ်သည်ဟု ယုံကြည်သောကြောင့် Kachin Waves မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။