စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့ ဝူယန်ကျေးရွာက မိဘမဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် အကူအညီလိုအပ်နေ
–
စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့ ဝူယန်ကျေးရွာက မိဘမဲ့ စစ်ဘေးရှောင်ကလေးတွေကို စောင့်ရှောက်နေတဲ့ဂေဟာမှာ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဂေဟာတာဝန်ခံထံက သိရပါတယ်။
“အခက်အခဲကတော့ အဓိကကတော့ စားရေးသောက်ရေးပါ။ ခါတိုင်းလတွေကတော့ မြစ်ကြီးနားက အလှူရှင်တွေက နည်းနည်းပါးပါး လှူနေတော့ အဆင်ပြေတယ်။ ခုကမြစ်ကြီးနားမှာ ရေကြီးတာတွေဖြစ်တော့ ခါတိုင်းလှူနေကြ အလှူရှင်တွေလည်း သူတို့အခက်အခဲနဲ့သူတို့မို့ လှူဖို့သိပ်အဆင်မပြေကြလို့ပါ။”လို့ ပြောပါတယ်။
လက်ရှိဂေဟာမှာ အသက် ၅ နှစ်ကနေ ၁၃ နှစ်အရွယ်အထိ ကလေးစုစုပေါင်း ၆၈ ယောက်ရှိပြီး စားသောက်ရေအတွက် တစ်ရက်ကုန်ကျစားရိတ် ခန့်မှန်းခြေ ၅ သောင်းနဲ့ ၈ သောင်းကြားမှာရှိတယ်လို့ သိရပါတယ်။
စားသောက်နေထိုင်ရေးအပြင် ကလေးတွေအတွက် အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
“(လိုအပ်နေတဲ့) အဝတ်က နွေဝတ်အပါးလေးတွေပါ။ မိန်းကလေးဝတ် အများဆုံးလိုပါတယ်။”လို့ ပြောပါတယ်။
ဇွန်လ နောက်ဆုံးပတ်နဲ့ ဇူလိုင်လမှာ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့တာကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာနဲ့ မြို့တွေမှာ ရေကြီးရေလျှံဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေဖြစ်သလို အစားအသောက်တွေလည်း လိုအပ်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိဘမဲ့ဂေဟာဖွင့်လှစ်ထားတဲ့ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာဟာ မတ်လကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး ဆက်လက်စစ်ရေး တင်းမာနေတဲ့ ဒေသဖြစ်ပါတယ်။